ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဇောတိကကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပြန်လည်ပြုပြင်မှု တစ်ပတ်ခန့်ကြာမြင့်မည်

ရန်ကုန်တိုင်းအတွင်းရှိ CNG Gas အရောင်းဆိုင်များသို့ အဓိက ဓာတ်အားပို့လွှတ်နေသည့် ဇောတိကသဘာဝကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် ဇူလိုင် ၂၂ ရက်ကပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ သိရသည်။
အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာမှာ ဒုံသမိချောင်းအနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြန်လည်ပြုပြင်မှုများပြုလုပ်ရန် တစ်ပတ်ခန့်(သို့) ၁၀ ရက်ခန့်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
“ဒုံသမိချောင်းနားမှာဖြစ်သွားတဲ့အတွက် ပြန်လည်ပြုပြင်ဖို့ကို ပိုက်လိုင်းပြတ်ထွက်တဲ့နေရာနားကို တမံတွေတုတ် တာဘောင်တွေရိုက်ပြီး အထဲကရေတွေကုန်အောင်စုတ်ထုတ်ပြီးတော့မှ ပြတ်ထွက်သွားတဲ့ပိုက်လိုင်းကို ပြန်ပြင်လို့ရမှာပါ ပြင်ဆင်ရက်အနေနဲ့ဆို ပိုက်လိုင်းအင်ဂျင်နီယာဌာနရဲ့ ခန့်မှန်းချက်အရ တစ်ပတ် ၊ ၁၀ ရက်လောက်ကြာပါမယ်”ဟု မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ထိုသို့ ပိုက်လိုင်းပြန်လည်ပြုပြင်နေချိန်အတွင်း ရန်ကုန်တိုင်းအတွင်းရှိ CNG Gas အရောင်းဆိုင်းများသို့ မြောင်းတကာဓာတ်မြေသြဇာစက်ရုံမှ အသုံးပြုနေသည့် သဘာဝဓာတ်ငွေ့အားရပ်နား၍ ပို့လွှတ်ပေးသွားမည်ဖြစ်သည်။
“၂၃ ရက်နေ့မနက်မှာ မြောင်းတကာဓာတ်မြေသြဇာစက်ရုံတစ်ရုံကိုရပ်နားပြီး အဲဒီကသုံးတဲ့ သဘာဝဓာတ်ငွေ့ကို CNG အရောင်းဆိုင်တွေကိုပို့လွှတ်ပေးထားတာဖြစ်တဲ့အတွက် CNG အရောင်းဆိုင်တွေက ပုံမှန်အတိုင်းပဲ ကားတွေကိုဓာတ်ငွေ့ဖြန့်ဖြူးပေးနိုင်ခဲ့ပါတယ်”ဟု မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှတာဝန်ရှိသူကပြောသည်။
ရန်ကုန်တိုင်းအတွင်း၌ CNG Gas အရောင်းဆိုင် ၄၀ အား ပုံမှန်အတိုင်းဖွင့်လှစ်ရောင်းချပေးလျက်ရှိပြီး တစ်နေ့လျင် ကုဗပေ ၁၆ သန်းနှင့် ၁၇ သန်းကြားရောင်းချပေးနေရသည်ဟု သိရသည်။
