ဇန်နဝါရီလ ၇
တရုတ်နှင့် တောင်ကိုရီးယားတို့သည် နှစ်ပေါင်းများစွာ အေးစက်စက်ဆက်ဆံရေးကို ပြန်လည်အသက်ဝင်စေခဲ့ပြီး ပြောင်းလဲလာသည့် ဒေသတွင်း အခြေအနေများ (အထူးသဖြင့် တရုတ်နှင့် ဂျပန်ကြားဖြစ်ပွားနေသော သံတမန်ရေးရာ အငြင်းပွားမှု) အကြား၌ ကျင်းပခဲ့သည့် အဆင့်မြင့် ထိပ်သီးအစည်းအဝေးအပြီးတွင် အမေရိကန်ဒေါ်လာ ၄၄ သန်း တန်ဖိုးရှိသော ပို့ကုန်စာချုပ်သစ်များနှင့် နားလည်မှုစာချွန်လွှာ ဒါဇင်များစွာကို လက်မှတ်ရေးထိုးခဲ့ကြသည်။
တောင်ကိုရီးယား ကုန်သွယ်ရေး၊ စက်မှုနှင့် သယံဇာတဝန်ကြီးဌာန၏ အဆိုအရ ၎င်းတို့သည် ကိုးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပို့ကုန်မြှင့်တင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ရေးပွဲကို တရုတ်တွင် ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ အင်္ဂါနေ့က ကျင်းပခဲ့သော အဆိုပါပွဲသို့ နှစ်နိုင်ငံလုံးမှ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများ အပါအဝင် လူ ၃၀၀ ခန့် တက်ရောက်ခဲ့သည်။
အလီဘာဘာ၊ ဂျေဒီဒေါ့ကွန်း နှင့် တန်းဆန့် ကဲ့သို့သော တရုတ်နည်းပညာကုမ္ပဏီကြီးများနှင့်အတူ ရှန်းတုန်းနှင့် လျောင်နင်ပြည်နယ် အစိုးရကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြပါသည်။ အဆိုပါပွဲတွင် နှစ်ဦး နှစ်ဘက် ပို့ကုန်ဆွေးနွေးမှုများ၊ တောင်ကိုရီးယား ဒေသန္တရအစိုးရများ၏ ရင်းနှီးမြှုပ်နှံမှု ရှင်းလင်းပွဲများနှင့် ကိုရီးယားလူသုံးကုန်ပစ္စည်းပြပွဲများ ပါဝင်ခဲ့ပါသည်။ အဆိုပါပွဲ၏ရလဒ်အနေဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၄.၁၁ သန်း တန်ဖိုးရှိသည့် ပို့ကုန်စာချုပ် ၂၄ ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ အဆိုပါသဘောတူညီချက်များသည် တနင်္လာနေ့တွင် ပြုလုပ်ခဲ့သော တောင်ကိုရီးယားသမ္မတ လီဂျေမြောင်နှင့် သမ္မတ ရှီကျင့်ဖျင်တို့၏ ထိပ်သီးဆွေးနွေးပွဲအပြီးတွင် ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။
၂၀၁၇ ခုနှစ်က ဆိုးလ်တွင် အမေရိကန်ထုတ် တီအိတ်ချ်အေအေဒီ ဒုံးခွဲကာကွယ်ရေးစနစ် တပ်ဆင်ခဲ့မှုအပေါ် တရုတ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ရာမှ နှစ်နိုင်ငံဆက်ဆံရေး တင်းမာခဲ့ရပြီး ယခုပွဲသည် ထိုသို့အေးစက်နေခဲ့သော ဆက်ဆံရေးကို ပြန်လည်ပြုပြင်ရန် ရေရှည်ကြိုးပမ်းမှုများအတွက် အလှည့်အပြောင်းတစ်ခုအဖြစ် ရှုမြင်ခြင်းခံရပေသည်။
တောင်ကိုရီးယား သမ္မတရုံး၏ အဆိုအရ သမ္မတနှင့်အတူ လိုက်ပါလာသော စီးပွားရေးကိုယ်စားလှယ်အဖွဲ့တွင် ဆမ်ဆောင်၊ အက်စ်ကေ၊ ဟွန်ဒိုင်းနှင့် အယ်လ်ဂျီ ကဲ့သို့သော လုပ်ငန်းစုကြီးများမှ ထိပ်တန်းအမှုဆောင်များ အပါအဝင် ကုမ္ပဏီပေါင်း ၁၆၁ ခုမှ တက်ရောက်သူ ၄၀၀ ပါဝင်ခဲ့ကြောင်း သိရှိရပါသည်။
Ref : ဆော့ချိုင်းနားမောနင်းပို့စ်
