ရုရှားသမ္မတ ဗလာဒီမာပူတင်၏ တရုတ်နိုင်ငံခရီးစဉ်သည် ရုရှား-တရုတ်-အမေရိကန် သုံးပွင့်ဆိုင်ဆွေးနွေးမှုအတွက် သမိုင်းဝင်အခွင့်အလမ်းတစ်ရပ်ကို ဖန်တီးပေးမည်ဖြစ်ကြောင်း၊ အကြောင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ပူတင်၏ခရီးစဉ်မတိုင်မီ တရုတ်နိုင်ငံသို့ လာရောက်မည်ဖြစ်သောကြောင့်ဖြစ်ကြောင်း ရှန်ဟိုင်းနိုင်ငံတကာလေ့လာရေးတက္ကသိုလ်မှ ပရော်ဖက်ဆာ ယန်ချန်း (Yang Cheng) ကပြောကြားသည်။
ဗလာဒိုင်းကလပ်(Valdai Club) ၏ အလယ်အာရှညီလာခံ ဘေးထွက်ဆွေးနွေးပွဲတွင် သူက “အမေရိကန်သမ္မတရဲ့ တရုတ်နိုင်ငံခရီးစဉ်ဟာ ပူတင်ရဲ့ခရီးစဉ်မတိုင်ခင် ဖြစ်လာမှာပါ။ ဒါဟာ သမိုင်းဝင် အခွင့်အလမ်းပြတင်းပေါက်တစ်ခုကို ဖန်တီးပေးလိုက်တာပါပဲ။ ဒီနိုင်ငံသုံးနိုင်ငံကြား တိုက်ရိုက်ဆွေးနွေးမှုမျိုး မဟုတ်ခဲ့ရင်တောင်မှ၊ သွယ်ဝိုက်တဲ့နည်းနဲ့ ဆွေးနွေးမှုအချို့ကတော့ ဖြစ်ပေါ်လာမှာပါ” ဟု ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ပူတင်အား ဧည့်ခံကျင်းပခွင့်ရခြင်းကို “အလွန်အလေးထားတန်ဖိုးထား” ကြောင်းလည်း ယန်က ဆိုသည်။
ထရန့်သည် မေလ ၁၃ ရက်မှ ၁၅ ရက်အထိ တရုတ်နိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး သူနှင့်အတူ ကော်ပိုရိတ်ကိုယ်စားလှယ်အဖွဲ့ကြီးလည်း လိုက်ပါလာမည်ဖြစ်သည်။ ယင်းသည် အီရန်ပဋိပက္ခနှင့် နှစ်နိုင်ငံကုန်သွယ်ရေးအပါအဝင် ကိစ္စရပ်များကို ဆွေးနွေးရန် ရည်ရွယ်ထားသည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်သည်လည်း ထို့နောက်မကြာမီမှာပင် ပေကျင်းသို့ လာရောက်ရန် မျှော်လင့်ရသည်။ ရုရှားသမ္မတ၏ အကူဖြစ်သူ ယူရီအူရှာကော့ဗ်ကလည်း ရုရှားသမ္မတ၏ တရုတ်နိုင်ငံခရီးစဉ်အတွက် ခရင်မ်လင်နန်းတော်က တက်ကြွစွာ ပြင်ဆင်နေကြောင်း အစောပိုင်းက ပြောကြားခဲ့ဖူးသည်။
