ဂျိုဟန်နက်စ်ဘာ့ဂ်၊ ဇူလိုင် ၁၀
တောင်အာဖရိကသမ္မတ ဆီရယ် ရာမာဖိုဆာသည် ပူတင်အား ဖမ်းဝရမ်း ထုတ်ထားသော်လည်း နောက်လတွင် ကျင်းပမည့် ဘရစ် (BRICS) အစည်းအဝေးကို အွန်လိုင်း မဟုတ်ဘဲ မျက်နှာစုံညီ အစည်းအဝေးအဖြစ် ကျင်းပသွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၉ ရက် တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။BRICS တွင်ဘရာဇီး၊ရုရှ၊အိန္ဒိယ၊တရုတ်နှင့်တောင်အာဖရိကတို့ပါဝင်သည်။
“မျက်နှာစုံညီ ဘရစ် ထိပ်သီးအစည်းအဝေးကို ကျင်းပတော့မှာ ဖြစ်ပါတယ်၊ ကျွန်တော်တို့အားလုံးဟာ အချင်းအချင်း မျက်နှာချင်းဆိုင် ဆွေးနွေးနိုင်မယ့် ထိပ်သီးအစည်းအဝေးကို ကျင်းပသွားဖို့ ကတိပြုထားပါတယ်။ မျက်နှာစုံညီ အစည်းအဝေး မလုပ်ဖြစ်တာ သုံးနှစ်လောက် ရှိပါပြီ။ ဒီတစ်ခါတော့ အွန်လိုင်းကနေ မလုပ်တော့ဘူး” ဟု ရာမာဖိုဆာက သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။
တောင်အာဖရိကသည် ဘရစ်အုပ်စု၏ လက်ရှိဥက္ကဌအဖြစ် တာဝန်ယူထားသည့်အတွက် မျက်နှာစုံညီ အစည်းအဝေးကို ၎င်း၏ နိုင်ငံ၌ အိမ်ရှင် အဖြစ် လက်ခံကျင်းပရမည် ဖြစ်သည်။
သို့ရာတွင် ၎င်းသည် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) ၏ အဖွဲ့ဝင်နိုင်ငံဖြစ်နေသည့်အတွက် ပူတင်သာ အစည်းအဝေးသို့ တက်ရောက်ပါက ဖမ်းဆီးထိန်းသိမ်းရမည် ဖြစ်သည်။
ဘရစ်အဖွဲ့နိုင်ငံအားလုံးမှ ခေါင်းဆောင်များအား ဖိတ်ခေါ်ထားသော်လည်း ပူတင်တက်ရောက်ခြင်း ရှိ၊ မရှိကိုမူ ပြောမထားသေးပေ။
တောင်အာဖရိကရှိ ဒေသတွင်း မီဒီယာများကမူ ၎င်းနိုင်ငံသည် ပူတင်အား ဖမ်းဆီးရမည့် တာဝန်မှ ကင်းလွတ်ရန်အတွက် အစည်းအဝေးကို ICC အဖွဲ့ဝင် မဟုတ်သည့် တရုတ်နိုင်ငံသို့ ပြောင်းရွှေ့ရန် စဉ်းစားနေသည်ဟူ၍ မှန်းဆထားသည်။
Source:CNA