ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ အခက်အခဲများ၊ အကြံပြုချက်များကို အများကိုကိုယ်စားပြုပြီး အရှိအတိုင်း တင်ပြခြင်းဖြင့် နိုင်ငံတော်ဘက်မှလည်း လိုအပ်သလို ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က (UMFCCI) ၏ (၃၄) နှစ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
‘’နိုင်ငံတော်အစိုးရအနေနဲ့ ပြည်ပသွင်းကုန်အစားထိုးနိုင်ရေး၊ ပြည်တွင်းထုတ်လုပ်မှုမြှင့်တင်နိုင်ရေးကို အားပေးဆောင်ရွက်လျက်ရှိပါတယ်။ ကုန်သည်စက်မှုအသင်းချုပ်ဖြစ်တဲ့အားလျော်စွာ ကုန်သွယ်မှုကဏ္ဍကို ကိုယ်စားပြုတဲ့လုပ်ငန်းရှင်များသာမက စက်မှုကုန်ထုတ်လုပ်ငန်းရှင်များနဲ့ပါ ပူးပေါင်းပါဝင်ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် ကုန်ထုတ်လုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုအားထည့်ဆောင်ရွက်ရန် မှာကြားလိုပါတယ်” ဟု ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
အထူးသဖြင့် စိုက်ပျိုးရေးမှသည် ကုန်ထုတ်စက်မှုလုပ်ငန်းများ၊ မွေးမြူရေးမှသည် အသင့်စားစားသောက်ကုန် ပြည်ပပို့ကုန်လုပ်ငန်းများ၊ ဝါကုန်ကြမ်းမှသည် အထည်အလိပ်ရက်လုပ်ခြင်းလုပ်ငန်းများ၊ ရော်ဘာကုန်ကြမ်းမှသည် အဆင့်မြင့်ရော်ဘာထုတ်ကုန်များအထိ စသည့်တန်ဖိုးမြင့်ထုတ်ကုန်များအထိ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ၄င်းက ဆိုသည်။
အလားတူ ပို့ကုန်များကို ပြည်ပဈေးကွက်ဝင် တိုးမြှင့်ထုတ်လုပ်နိုင်ရေး လိုအပ်မည့်ပြည်တွင်းပြည်ပသွင်းအားစုများ၊ ကုန်ကြမ်းပစ္စည်းများနှင့် နည်းပညာများရရှိရေးကိုလည်း စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် ချမှတ်ထားသည့် စီးပွားရေးမူဝါဒလုပ်ငန်းစဉ်များအတိုင်း မြေပြင်တွင်လုပ်ကိုင်ဆောင်ရွက်ကြသည့်အခါ ကြုံတွေ့ရသည့်စိန်ခေါ်မှု၊ အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန် နိုင်ငံတော်အစိုးရအနေဖြင့် အမြဲအသင့်ရှိနေကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ပုဂ္ဂလိကလုပ်ငန်းရှင်များဘက်ကလည်း အခက်အခဲများ၊ အကြံပြုချက်နည်းလမ်းများကို သက်ဆိုင်ရာကဏ္ဍများအလိုက် အများကို ကိုယ်စားပြုပြီး အရှိအတိုင်း တင်ပြခြင်းဖြင့် နိုင်ငံတော်ဘက်မှလည်း လိုအပ်သလို ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
