လာအိုနိုင်ငံသို့ခရီးသွားမည်ဆိုပါက လန်ဖရာဗန်မြို့ကိုမရောက်ဘဲ ခရီးစဉ်က ပြီးပြည့်စုံမည် မဟုတ်ပါ။
မဲခေါင်မြစ်ကမ်းရှိ ယဉ်ကျေးမှုမြို့တော် လန်ဖရာဗန်က ဧရာဝတီမြစ်ကမ်းပေါ်က ပုဂံကို ကလောရာသီဥတုနှင့် ကိုလိုနီဟန်တွေ ပေါင်းစပ်ထားတယ်လို့ ညွှန်းဆိုရင်သိပ်မလွဲလောက်ပါ။ရှေးဟောင်းမြို့ အင်းဝလို ခံစားမှုမျိုးလည်း ညွှန်းဆိုလို့ရမည်။
နန်းခမ်းမြစ်လေးနှင့် မဲခေါင်မြစ်ကြီးတို့ ပေါင်းစပ်ရာ မြစ်ဆုံနေရာ လည်းဖြစ်သလို ပေါင်းစည်းပြီးနောက် မဲခေါင်မြစ်ကြီးအဖြစ်ဆက်လက်စီးဆင်းရာကမ်းပါးတလျောက် ဆိုင်တန်းများကနေ မြစ်ရေတို့သယ်ဆောင်သွားသော အမှတ်တရများကို ငေးကြည့်ရသည်က အရသာ တစ်မျိုးပင်။
အမေရိကန်သမ္မတ အိုဘားမားလာစဥ်က ကမ်းနားတလျောက် လမ်းလျောက်ပြီး ရုတ်တရက် အုန်းရေဝင်သောက်သည့် ဆိုင်သည်လည်း အိုဘားမားဆိုင် ဟုပင် အမည်သညာတွင်နေလေသည်။
ထိုကမ်းနားလမ်းတလျောက်ဆိုင်များကနေ ညစျေးတန်းသို့ ကုန်းမော့မော့လမ်းကလေးများကနေ လျှောက်သွားပါက နိုင်ငံခြားသားများနှင့် ပြည့်နေသော ညစျေးကို ချစ်စဖွယ်တွေ့ရမည်။
ခရီးသွားများနှင့်သာ အလုပ်ဖြစ်ကြသည့်မြို့ဖြစ်၍ တမြို့လုံးလည်း ၁၅ ယောက်စီး ဟိုက်အေ့စ်ကားများ၊အန်စာတုံးကားများက လမ်းဘေးတလျောက် အပြည့်ပင်။
မဲခေါင်မြစ်ထဲ အပျော်စီးလှေများ၊ ညစာစား ရင်း လှေစီးနိုင်သည့် အနေအထားများက ကျောက်ဖရားမြစ်တွင်း သင်္ဘောကြီးများ နဲ့ယှဥ်လို့မရသော်လည်း မဲခေါင်မြစ်၏ရိုးဂုဏ်က ပို့ခန့်ညားနေသယောင်ထင်ရသည်။
တောင်တွေခြေရင်းက ယာမြေတို့ကို လယ်တောအိမ်ကလေးများကနေကြည့်ရသည်ကလည်း အပမ်းပြေစေသည်မို့ မြန်မာပြည်မှာလည်း လယ်တောအိမ် စီးပွားရေးလုပ်ပါက ဝင်ငွေ ထပ်တိုးလို့ တောင်သူများ ပိုအဆင်ပြေနိုင်မည်။
လန်ဖရာဗန် မြို့လေးကို အလည်သဘောမျိုးကော ကမ္ဘာလှည့်ခရီးသွားများကို ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများ သွားရောက် လုပ်ကိုင်ရန် စနည်းနာဖို့ကော သွားလည်ကြည့်သင့်ကြောင်းညွှန်းလိုက်ရပေသည်။
