ပိုးသတ်ဆေး အမျိုးပေါင်း (၂၄၅)မျိုး ကို မှတ်ပုံတင် ခွင့်ပြုပေးနိုင်ရေး စိစစ်ဆောင်ရွက်ထား
နေပြည်တော် အောက်တိုဘာ ၁၈
ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့မှ ပိုးသတ်ဆေးအမျိုးပေါင်း ၂၄၅ မျိုးကို မှတ်ပုံတင်ခွင့်ပြုပေးနိုင်ရေးအတွက် စိစစ်ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် နိုင်ငံ၏ အဓိကစားသုံးသီးနှံများ နှင့် ပြည်ပပို့ကုန် သီးနှံများ ကို အထွက်နှုန်းတိုးတက်ရေး၊ အာဟာရပြည့်ဝပြီး စားသုံးသူ ဘေးကင်း လုံခြုံရေး နှင့် ဈေးကွက် စံချိန်စံညွှန်းများ အညီ တိုးမြှင့်ထုတ်လုပ်နိုင်ရေး တို့အတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ အထွက်နှုန်းတိုးတက်စေရေး အထောက်အကူပြု သွင်းအားစု တစ်ခုဖြစ်သည့် ပိုးသတ်ဆေးများသုံးစွဲရာတွင် အရည်အသွေးပြည့်မီပြီး အန္တရာယ်ကင်းသော ပိုးသတ်ဆေးများ ထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ သို့ သတင်း အချက်အလက်များ ပြုစုတင်ပြခြင်း၊ စိစစ် သုံးသပ် အကြံပြုခြင်းများ ကို ပိုးသတ်ဆေး နည်းပညာကော်မတီ က ဆောင်ရွက်လျက် ရှိသကဲ့သို့ ပိုးသတ်ဆေး မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်း လုပ်ငန်း စဉ်များ ကိုလည်း ခေတ်စနစ်နှင့်အညီ ပိုမိုကောင်းမွန်စွာ ပြောင်းလဲ ကျင့်သုံး နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
” ပိုးသတ်ဆေး နည်းပညာ ကော်မတီ ရဲ့ (၃၄)ကြိမ်မြောက် အစည်းအဝေး မှာ နည်းပညာ အချက်အလက်တွေ အသေးစိတ် စိစစ်ပြီး တဲ့ ပိုးသတ်ဆေး အမျိုးပေါင်း (၂၄၅)မျိုး ကို မှတ်ပုံတင် ခွင့်ပြုပေးနိုင်ဖို့ ဆွေးနွေး ဆောင်ရွက်ခဲ့ပါတယ်” ဟု စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦး ကပြောသည်။
ပိုးသတ်ဆေး နည်းပညာကော်မတီ ၏ သတင်း အချက်အလက်များ ပြုစုတင်ပြခြင်း၊ စိစစ် သုံးသပ် အကြံပြုခြင်းများအပေါ် အခြေခံ၍ ပိုးသတ်ဆေး မှတ်ပုံတင် အဖွဲ့ အစည်းအဝေး များ က ပိုးသတ်ဆေးမှတ်ပုံတင်ခွင့်ပြုပေးရေး ဆွေးနွေးဆောင်ရွက်ခဲ့ရာ ယနေ့အထိ ပိုးသတ်ဆေး (၃၈၈၉) မျိုး ကို မှတ်ပုံတင် ခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
Credit-Greenway