သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ လူမှုကွန်ရက်ပေါ်က ပို့စ်တွေကို ပိုက်ဆံပေးသွင်းမှသာလျှင် အရင်ဆုံး ဖတ်ခွင့်ရမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး သတင်းမီဒီယာအဖွဲ့တွေက သူ့ကို တရားစွဲလိုက်ပါတယ်။
The Intercept သတင်းဌာနနဲ့ အကျိုးအမြတ်မယူတဲ့ Freedom of the Press Foundationတို့က သမ္မတထရမ့်ရဲ့ လူမှုကွန်ရက်ကနေ သူ့ရဲ့ပို့စ်တွေကို ကြိုတင်ဖတ်ရှုခွင့် ရောင်းချနေတာကို တားဆီးဖို့ ဖက်ဒရယ်တရားရုံးမှာ တရားစွဲဆိုလိုက်တာပါ။
ဗုဒ္ဓဟူးနေ့က တင်သွင်းခဲ့တဲ့ တရားရုံးစာရွက်စာတမ်းတွေအရဆိုရင် အခုလို ပိုက်ဆံပေးပြီး ဖတ်ရတဲ့ စနစ်ဟာ အများပြည်သူ သိသင့်သိထိုက်တဲ့ ကိစ္စရပ်တွေကို ကန့်သတ်ရာရောက်တယ်လို့ ဆိုထားပါတယ်။
”ဒီအစီအစဉ်က တော်တော်လေးကို အကျင့်ပျက်ခြစားရာကျပါတယ်” လို့ တိုင်ကြားချက်မှာ ဖော်ပြထားပါတယ်။ “သမ္မတဟာ ဈေးကွက်ကိုတောင် လှုပ်ခတ်သွားစေနိုင်တဲ့ အစိုးရရဲ့ သတင်းအချက်အလက်တွေကို သူ့ရဲ့ ကိုယ်ပိုင်ကုမ္ပဏီကို ပိုက်ဆံပေးနိုင်တဲ့သူတွေဆီ ပေးပြီး ငွေကြေးအကျိုးအမြတ် ရှာနေတာပါ” လို့လည်း ပါရှိပါတယ်။
ဒီတရားစွဲဆိုမှုမှာ အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ လွတ်လပ်စွာ သတင်းထုတ်ပြန်ခွင့်ကို ကိုးကားထားပြီး၊ ဒီအစီအစဉ်ဟာ “သမ္မတရဲ့ အများပြည်သူဆိုင်ရာ ကြေညာချက်တွေကို တန်းတူညီမျှ သိရှိခွင့်” ဆိုတဲ့ ပထမပြင်ဆင်ချက်ရဲ့ အာမခံချက်တွေကို ချိုးဖောက်နေတယ်လို့ ထောက်ပြထားပါတယ်။
ဒါ့အပြင် ဒီလို ပိုက်ဆံပေးရတဲ့ ဝန်ဆောင်မှုဟာ အစိုးရ သတင်းအချက်အလက်တွေကို ရယူဖို့အတွက် အစိုးရကနေ ထင်သလို ငွေကြေးကောက်ခံတာကို ကန့်သတ်ထားတဲ့ ပဉ္စမပြင်ဆင်ချက်ရဲ့ အကာအကွယ်တွေကိုပါ ချိုးဖောက်ရာရောက်တယ်လို့လဲ ဆိုထားပါတယ်။
တိုင်ကြားစာထဲမှာ သမ္မတ ထရမ့်ကို တာဝန်အရှိဆုံး ရာထူးအနေအထားနဲ့ ထည့်သွင်းထားသလို၊ အိမ်ဖြူတော် လက်ထောက် နာတာလီ ဟာ့ပ် နဲ့ ဒုတိယ အိမ်ဖြူတော်အရာရှိချုပ် ဒန်နီရယ် စကာဗီနို တို့လည်း ပါဝင်ပါတယ်။
အဓိက တရားစွဲရတဲ့ အကြောင်းရင်းကတော့ ဇူလိုင်လက ကြေညာခဲ့ပြီး သြဂုတ်လ ၁ ရက်နေ့မှာ စတင်ခဲ့တဲ့ “Truth API” ဝန်ဆောင်မှုကြောင့်ပဲ ဖြစ်ပါတယ်။
Trump Media and Technology Group ကနေ လုပ်ဆောင်လိုက်တဲ့ ဒီဝန်ဆောင်မှုဟာ သူတို့ရဲ့ လူမှုကွန်ရက် ပလက်ဖောင်းဖြစ်တဲ့ Truth Social ပေါ်က သမ္မတထရမ့်နဲ့ တခြား နာမည်ကြီး အကောင့်တွေရဲ့ ပို့စ်တွေကို အချိန်နဲ့တပြေးညီ ချက်ချင်း သိရှိနိုင်ဖို့အတွက် သုံးစွဲသူတွေဆီကနေ တစ်လကို ဒေါ်လာ ၆၀,၀၀၀ ကနေ ၁၀၀,၀၀၀ အထိ ကောက်ခံနေတာ ဖြစ်ပါတယ်။
တိုင်ကြားချက်အရ သြဂုတ်လ ၁၀ ရက်နေ့က လုပ်ခဲ့တဲ့ ဝင်ငွေကြေညာတဲ့ အစည်းအဝေး (earnings call) မှတ်တမ်းတွေအရ ဒီဝန်ဆောင်မှုကို ဝယ်ယူထားသူ (၁၀) ဦးထက်မနည်း ရှိနေပြီလို့ သိရပါတယ်။
ဝေဖန်သူတွေကတော့ ထရမ့်ဟာ စီးပွားရေးကို သက်ရောက်မှုရှိစေနိုင်တဲ့ မူဝါဒ အပြောင်းအလဲတွေကို ကြေညာဖို့ သူ့ရဲ့ Truth Social အကောင့်ကို အသုံးပြုနေတယ်လို့ ထောက်ပြထားပါတယ်။ ဥပမာအနေနဲ့ အီရန်အပေါ် အမေရိကန်-အစ္စရေး စစ်ပွဲနဲ့ ပတ်သက်ပြီး ထရမ့်ရဲ့ မှတ်ချက်တွေဟာ ကမ္ဘာ့ရေနံဈေးကွက်ကိုပါ ဂယက်ရိုက်စေခဲ့ပါတယ်။
ထရမ့်ဟာ Trump Media and Technology Group မှာ ရှယ်ယာအများဆုံး ပိုင်ဆိုင်ထားသူဖြစ်ပြီး၊ ၂၀၂၅ ခုနှစ် အစောပိုင်းတုန်းက ဒေါ်လာ (၄) ဘီလီယံလောက် တန်ဖိုးရှိခဲ့ရာကနေ အခုဆိုရင် ဒေါ်လာ (၁) ဘီလီယံလောက်သာ တန်ဖိုးရှိပါတော့တယ်။
”ထရမ့်ဟာ သူရောင်းပိုင်ခွင့်မရှိတဲ့ အစိုးရ သတင်းအချက်အလက်တွေကို ပုဂ္ဂလိကပိုင်လုပ်ပြီး သူ့ကိုယ်သူ ချမ်းသာအောင် လုပ်နေတာပါ” လို့ The Intercept ရဲ့ အယ်ဒီတာချုပ် ဘန် မြူဆစ်(Ben Muessig) က ပြောပါတယ်။ “ကျွန်တော်တို့ ဒါကို ဒီအတိုင်း လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး” လို့လည်း သူက ဆိုပါတယ်။
Trump Media ဘက်ကတော့ သမ္မတရဲ့ သတင်းစကားတွေဟာ “မရေတွက်နိုင်တဲ့ ပလက်ဖောင်းတွေနဲ့ သတင်းဌာနတွေ” ကနေတဆင့် ပျံ့နှံ့နေပြီးသားဖြစ်သလို၊ အဲဒီအထဲက အများစုဟာလည်း အခုလို ပိုက်ဆံပေးရတဲ့ API ဝန်ဆောင်မှုတွေ ပေးနေတာပဲလို့ ထုတ်ပြန်ချက်မှာ တုံ့ပြန်ထားပါတယ်။
အိမ်ဖြူတော်ကတော့ ဒီအငြင်းပွားမှုနဲ့ ပတ်သက်ပြီး ဘာမှ မှတ်ချက်မပေးသေးပါဘူး။ ဒီတရားစွဲဆိုမှုကိုတော့ နယူးယောက် တောင်ပိုင်းခရိုင် ဖက်ဒရယ်တရားရုံးမှာ ကြားနာစစ်ဆေးသွားမှာ ဖြစ်ပါတယ်။
