၎င်းတို့၏ ပိုင်ဆိုင်မှုများအပေါ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိ
ပြည်ပသို့ ပို့ကုန်များ တင်ပို့ခဲ့ပြီး နိုင်ငံတော်သို့ ပို့ကုန်ရငွေဒေါ်လာ ၅၁ သန်းကျော် ပြန်လည်ပေးသွင်းမှုမရှိသည့်အပြင် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ တာဝန်ရှိသူများအား ဆဲဆို၊ ခြိမ်းခြောက်ခဲ့သူများ ဖော်ထုတ်ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် စီးပွားရေးလုပ်ငန်းရှင်အချို့မှာ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားကိုသာရှေးရှုပြီး နိုင်ငံတော်၏ စီးပွားရေးနှင့် ငွေကြေးမူဝါဒများကို ကမောက်ကမဖြစ်စေရန်ရည်ရွယ်၍ မသမာသည့် နည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းကိစ္စနှင့်စပ်လျဉ်း၍ စုံစမ်းဖော်ထုတ်ခဲ့ရာ Maha Nadi International Co.,Ltd. မှ ဒါရိုက်တာများဖြစ်သော ဦးရဲမင်းလွင်၊ ဒေါ်ကွန်သီ၊ ဒေါ်ဖြူဖြူဇင်၊ ဒေါ်မြင့်မြင့်လှိုင်နှင့် ဒေါ်ခင်စန်းသီတို့ဖြစ်ကြောင်း သိရသည်။
၎င်းတို့သည် ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ပြည်ပသို့ အမေရိကန်ဒေါ်လာ ၄၂ သန်း ကျော်တန်ဖိုးရှိ မတ်ပဲများတင်ပို့ခဲ့ပြီး နိုင်ငံတော်သို့ ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာသန်း ၄၀ ကျော် ပြန်လည်ပေးသွင်းရန် ကျန်ရှိလျက်ရှိသည်ဟုဆိုသည်။
အလားတူ RK Shipping and Trading Co.,Ltd. အနေဖြင့်လည်း ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ပြည်ပသို့ အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ သန်းကျော်တန်ဖိုးရှိ မတ်ပဲများ တင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာ ၂ သန်းကျော်မှာ နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းခဲ့ခြင်းမရှိကြောင်း သိရသည်။
ထပ်မံစစ်ဆေးတွေ့ရှိချက်များအရ ဦးဟင်နရီခင်မောင်သည် သားဖြစ်သူ ဦးရဲမင်းလွင်နှင့် ခင်မင်ရင်းနှီးသည့် ဦးဗိုဗိုသန့်၏ Taw Thar Gyi Co.,Ltd. အမည်ခံ၍ ၂၀၂၄ ခုနှစ်အတွင်း ပြည်ပသို့ အမေရိကန် ဒေါ်လာ ၁၀ သန်းကျော်တန်ဖိုးရှိ မတ်ပဲနှင့် ပဲစင်းငုံများကို တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေအမေရိကန်ဒေါ်လာ ၉ ဒသမ ၃ သန်းကျော်မှာ နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းရန်ကျန်ရှိနေကြောင်း၊ ထို့အတူ ဦးရဲမင်းလွင်သည် Ocean Lion King Co.,Ltd. အမည်ကိုအသုံးပြု၍ ပဲမျိုးစုံတင်ပို့လျက်ရှိပြီး ထပ်မံစိစစ်ခဲ့ရာ ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ် အတွင်း ပြည်ပသို့အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ သန်းကျော် တန်ဖိုးရှိ မတ်ပဲများကို တင်ပို့ခဲ့ပြီး နိုင်ငံတော်သို့ ပို့ကုန်ရငွေများ ပြန်လည်ပေးသွင်းရန် ကျန်ရှိလျက်ရှိကြောင်း ကြေညာချက်အရ သိရသည်။
ယင်းတွင် ဦးရဲမင်းလွင်သည် နိုင်ငံတော်သို့ ပို့ကုန်ရငွေများ ပြန်လည်ပေးသွင်းမှုမရှိသောကြောင့် ၎င်း၏ကုမ္ပဏီများအား ပို့ကုန်/သွင်းကုန် လိုင်စင်ပိတ်သိမ်းခံရမှုအပေါ် ကျေနပ်မှုမရှိသဖြင့် ပဲမျိုးစုံရောင်းဝယ်သည့် လုပ်ငန်းလုပ်ကိုင်ရန်အတွက် ကုန်သည်များ၊ ပွဲစားများ၊ တောင်သူများ ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် Online Pulses Myanmar Association အမည်ရှိ Viber Group ၌ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ တာဝန်ရှိသူများကို ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုခြင်း၊ အသက်အန္တရာယ်ခြိမ်းခြောက်သည့် စာသားများ ရေးသားဖော်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပြည်ပသို့ပို့ကုန်များတင်ပို့ခဲ့ပြီး ပို့ကုန်ရငွေပြန်လည် ဝင်ရောက်ခြင်းမရှိခဲ့သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများကို ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုခြင်း၊ အသက်အန္တရာယ်ခြိမ်းခြောက်ခြင်းများ ဆောင်ရွက်ခဲ့သူ ဦးရဲမင်းလွင် (ထွက်ပြေးတိမ်းရှောင်) တို့အပေါ် ၎င်းတို့ကျူးလွန်ခဲ့သည့် ပြစ်မှုများအလိုက် ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဦးရဲမင်းလွင် ၊ဒေါ်ကွန်သီ၊ ဒေါ်ဖြူဖြူဇင် ၊ ဦးဌေးကိုတို့သည် ထွက်ပြေးတိမ်းရှောင်နေပြီး ကျန်သူများကို ဖမ်းဆီးရမိထားကြောင်း သိရသည်။
ယင်းတို့သည် နိုင်ငံတော်သို့ ပေးသွင်းရမည့် ပို့ကုန်ရငွေများကိုပေးသွင်းရန် ပျက်ကွက်ခဲ့သည့်အပြင် ရရှိသည့်ပို့ကုန်ရငွေများအား ဖျောက်ဖျက်ဆောင်ရွက်ထားကြောင်း သံသယဖြစ်ဖွယ်တွေ့ရှိရ၍ ၎င်းတို့၏ ပိုင်ဆိုင်မှုများအပေါ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရလည်း ထိရောက်စွာ အရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပို့ကုန်ရငွေ ပြန်လည်ပေးသွင်းရန် ပျက်ကွက်သည့်အခြား ကုမ္ပဏီများကိုလည်း ဆက်လက်ဖော်ထုတ်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
