အဖွဲ့ဝင် ၁၉၃ နိုင်ငံရှိ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းမှာ ပါလက်စတိုင်းတွေကို တင်းပြည့် ကျပ်ပြည့်အဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်ပြုရေး ကြာသပတေးနေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မဲခွဲဆုံးဖြတ်ချက်ကို အမေရိကန်က ကန့်ကွက်တားဆီးလိုက်ကြောင်း သိရပါတယ်။
ဒီမဲပေးမှုက ပါလက်စတိုင်းနိုင်ငံကို ဆန့်ကျင်တာမျိုး မဟုတ်ပေမယ့် ဒီကိစ္စဟာ သက်ဆိုင်ရာအဖွဲ့အစည်းတွေအကြား တိုက်ရိုက်ညှိနှိုင်းမှုတွေကနေသာ ဖြစ်လာရမယ့်ကိစ္စဆိုတာကို အသိအမှတ်ပြုခြင်းဖြစ်တယ်လို့ ကုလဆိုင်ရာ အမေရိကန်သံအမတ် ရောဘတ်ဝုဒ်က မဲခွဲဆုံးဖြတ်မှုအပြီးမှာ ပြောဆိုခဲ့ပါတယ်။
လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံအနက် အမေရိကန် တစ်နိုင်ငံတည်းကသာ ပါလက်စတိုင်းကို ကုလသမဂ္ဂရဲ့ ၁၉၄ နိုင်ငံမြောက်အဖွဲ့ဝင်အဖြစ် လက်ခံရေးကို ဆန့်ကျင်မဲပေးခဲ့တာဖြစ်ပြီး ပြင်သစ်အပါအဝင် အခြား ၁၂ နိုင်ငံက ထောက်ခံမဲပေးခဲ့ကာ ဗြိတိန်နဲ့ ဆွစ်ဇာလန်က ကြားနေခဲ့ကြပါတယ်။
သို့ပေမယ့် အမေရိကန်ဟာ ဗီတိုအာဏာသုံးနိုင်တဲ့ လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်တာကြောင့် ၎င်းရဲ့ ကန့်ကွက်မဲဟာ အဆိုကို တားမြစ်တာမျိုးဖြစ်တာကြောင့် အဆိုမအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း ၁၃၉ နိုင်ငံက ပါလက်စတိုင်းကို နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုခဲ့ပေမယ့် အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့အတွက် နောက်တစ်ဆင့်အနေနဲ့ လုံခြုံရေးကောင်စီရဲ့ အတည်ပြုချက် လိုအပ်တာဖြစ်ပါတယ်။
ပါလက်စတိုင်းဟာ တင်းပြည့်ကျပ်ပြည့်အဖွဲ့ဝင်မဟုတ်ပေမယ့် ၂၀၁၂ ခုနှစ်ကစလို့ ကုလသမဂ္ဂမှာ အမြဲတမ်းလေ့လာသူအဖြစ် အသိအမှတ်ပြုခံခဲ့ရပြီး ကုလသမဂ္ဂအစည်းအဝေးတွေမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။ သို့ပေမယ့် ဆုံးဖြတ်ချက်မူကြမ်းတွေ၊ ဆုံးဖြတ်ချက်တွေမှာတော့ ပါလက်စတိုင်းအနေနဲ့ ပါဝင်မဲပေးခွင့် မရှိကြောင်း သိရပါတယ်။
Ref: The Jerusalem Post