ပါကစ္စတန်နိုင်ငံ ပတ်ရှာဝါမြို့ရှိ ဗလီတစ်ခုအတွင်း ဖြစ်ပွားခဲ့သော အသေခံဗုံးဖောက်ခွဲမှုကြောင့် သေဆုံးသူဦးရေမှာ စုစုပေါင်း တစ်ရာ့ တစ်ဦးအထိ ရှိလာပြီဖြစ်ကြောင်း ဆေးရုံရှိ တာဝန်ရှိသူများက ဇန်နဝါရီလ ၃၁ ရက်အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
အဆိုပါဗုံးဖောက်ခွဲမှုသည် နိုင်ငံအတွင်း ဖြစ်ပွားခဲ့သော လူအသေအပျောက်အများဆုံး တိုက်ခိုက်မှုများထဲမှ တစ်ခုဖြစ်လာပြီး နိုင်ငံ့လုံခြုံရေးအတွက်ပါ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာသည်။
တနင်္လာနေ့ ဗလီအတွင်း ဗုံးပေါက်ကွဲခဲ့ပြီးနောက် သေဆုံးသူဦးရေမှာ တစ်ရာ့ တစ်ဦး အထိရှိလာကြောင်း လေဒီရီးဒင်း ဆေးရုံ၏ ပြောရေးဆိုခွင့်ရှိသူ မူဟာမတ် အဆင်မ် ခန်းက ပြောလာသည်။
အသေခံဗုံးခွဲသူသည် ၂၆ ဒသမ ၅ ပေါင်ရှိသော ဖောက်ခွဲရေး ပစ္စည်းများကို အသုံးပြုခဲ့သည်ဟု သံသယရှိကြောင်း ပတ်ရှာဝါ ရဲချုပ် မိုအာဇမ် ဂျာ အန်ဆာရီ ကပြောကြားခဲ့သည်။ ထိုဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၂၁၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟုလည်း အန်ဆာရီက ဆိုသည်။
အာဖဂန်နစ္စတန်နှင့် ပါကစ္စတန် နှစ်နိုင်ငံစလုံးတွင် တည်ရှိနေသော တရားမဝင် လက်နက်ကိုင်အဖွဲ့အစည်း တယ်ရစ်ကီ တာလီဘန် ပါကစ္စတန် (TTP) သည် အစောပိုင်းက အဆိုပါ ဗုံးဖောက်ခွဲမှုမှာ ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း ဝန်ခံခဲ့သော်လည်း နောက်ပိုင်းတွင်မူ ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ပြန်လည်ငြင်းဆိုခဲ့သည်။
Source: CNA

