အစ္စလာမ်ဘတ်၊ မေ ၇
အင်္ဂါနေ့ညနှင့် ဗုဒ္ဓဟူးနေ့နံနက်တွင် ပါကစ္စတန်နိုင်ငံရှိ နယ်မြေခြောက်ခုတွင် အရပ်သားများအခြေချရာနေရာများကို အိန္ဒိယက တိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် လူ ၂၆ ဦး ေ-သဆုံးပြီး ၄၆ ဦး ဒဏ်ရာရခဲ့ကြောင်း ပါကစ္စတန်စစ်တပ်၏ မီဒီယာအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ပါကစ္စတန်ထိန်းချုပ်ထားေသာ ကက်ရှ်မီးယားနှင့် အရှေ့ဘက်ပန်ဂျပ်ပြည်နယ်မှ အရပ်သားများကို ပစ်မှတ်ထားပြီး အိမ်များနှင့် ဗလီများကို အိန္ဒိယက တိုက်ခိုက်ခဲ့သည်ဟု ဌာနဆိုင်ရာ အချင်းချင်း ပြည်သူ့ ဆက်ဆံရေးဌာန (ISPR) ညွှန်ကြားရေးမှူးချုပ် ဒုတိယဗိုလ်ချုပ်ကြီး အာဟမက် ရှာရဖ် ချောင်ဒူရီ က မီဒီယာများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ပါကစ္စတန်လေတပ်က ရာဖေးလ် ၃ စင်း၊ MiG-29 ၁ စီး၊ Sukhoi ၁ စီးနှင့် အိန္ဒိယပိုင်နက်အတွင်း အပျက်အစီးများ ကျရောက်ခဲ့သည့် တိုက်ခိုက်ရေးဒရုန်းတစ်စင်းအပါအဝင် အိန္ဒိယတိုက် လေယာဉ်ငါးစင်းကို ပါကစ္စတန်လေတပ်က ပစ်ချခဲ့ကြောင်း ၎င်းက အတည်ပြုပြောကြားခဲ့သည်။ “ယခုအချိန်ထိ ပါကစ္စတန်လေယာဉ်တစ်စင်းမှ အိန္ဒိယလေပိုင်နက်ထဲကို ဝင်မသွားသေးဘူး” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ပါကစ္စတန်၏ လက်တုံ့ပြန်တိုက်ခိုက်မှုတွင် အိန္ဒိယတပ်မတော်မှ တပ်စခန်းအချို့နှင့် အိန္ဒိယစစ်တပ်၏ တပ်မဟာဌာနချုပ်များကို ပစ်မှတ်ထားသည်ဟု ISPR အကြီးအကဲက ပြောကြားခဲ့သည်။
ပါကစ္စတန်လေတပ်က တိုက်ခိုက်ရခြင်းမှာ အိန္ဒိယက ပိုင်နက်နယ်မြေကို တဘက်သတ်တိုက်ခိုက်ခြငါးနှင့် အပြစ်မဲ့ပါကစ္စတန်ပြည်သူများကို အင်အားကြီးလက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းေကြာင့်ဖြစ်သည်ဟုဆိုသည်။
ယခုဖြစ်ရပ်တွင် အိန္ဒိယသည် မူဇာဖာရာဘာဒ် ခရိုင်ရှိ နီလမ်-ဂျယ်လမ် ရေအားလျှပ်စစ်စီမံကိန်း၏ နော်ဆာရီ ဆည် အဆောက်အအုံကို ပစ်မှတ်ထားတိုက်ခိုက်ရာ ဆည်အဆောက်အအုံမှာ ပျက်စီးသွားကြောင်း ချောင်ဒူရီ က ပြောကြားပြီး “ရေအားလျှပ်စစ်အခြေခံအဆောက်အအုံကို ပစ်မှတ်ထားပတိုက်ခိုက်ခြင်းသည် လက်ခံနိုင်ဖွယ်မရှိသည့်အပြင် အန္တရာယ်ရှိသော တိုက်ခိုက်မှု တစ်ခုဖြစ်သည်”ဟုပြောကြားခဲ့သည်။
တိုက်ခိုက်မှု ဖြစ်ပွားချိန်တွင် ပြည်တွင်းနှင့် နိုင်ငံတကာ လေကြောင်း ခရီးစဉ် အများအပြားသည် ပါကစ္စတန် လေပိုင်နက်တွင် ရှိနေကြပြီး ထောင်နှင့်ချီသော အရပ်သား ခရီးသည်များ၏ အသက်အန္တရာယ်မှာ စိုးရိမ်ရသည်ဟု ISPR အကြီးအကဲက ပြောကြားခဲ့သည်။
“ညအမှောင်ထဲမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုကို ပါကစ္စတန်က လက်တုံ့ပြန်တဲ့အနေနဲ့ ပြန်လည်တိုက်ခိုက်မှာပါ” ဟု ချောင်ဒရီ က ပြောကြားပြီး မနေ့ညက ပါကစ္စတန်၏ လုပ်ရပ်သည် မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်အရ လက်တုံ့ပြန်ခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ပါကစ္စတန်က အကြမ်းဖက်မှုကို တုံ့ပြန်ခွင့်ရှိပါတယ်။ တချိန်ချိန်၊ တနေရာရာမှာတော့ တနည်းနည်း ကို သုံးပြီး လက်တုံ့ပြန်မှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။
Ref: ရှင်းဟွာ