ပလက်ဝမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူများလိုက်လာသည့် စက်လှေအား သေနတ်များဖြင့်ပစ်ခတ်ခံရ၍ (၁၁)နှစ်အရွယ် ကျောင်းသား ၂ ဦးသေဆုံး ၃ ဦးဒဏ်ရာရဟု နစက ထုတ်ပြန်
ချင်းပြည်နယ်၊ပလက်ဝမြို့နယ်၊ကုလားတန်မြစ် ကြောင်းတွင် သြဂုတ် ၂ ရက်မွန်းလွဲ ၁ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နစက မှထုတ်ပြန်ခဲ့သည်။
ဖြစ်စဥ်တွင် ပလက်ဝမြို့နယ်၊တုံးမဝကျေးရွာ အ.ထ.က(ခွဲ)ကျောင်းမှ အထွေထွေဝန်ထမ်းဦးဗဒူ (၅၀)နှစ်သည် ရီးမဝကျေးရွာနေ ကျောင်းသား၊ ကျောင်းသူ ၇ ဦးအား စက်လှေဖြင့်တင်ဆောင်၍ ပြန်လည်ပို့ဆောင်ရန် ကုလားတန်မြစ်ကြောင်းအတိုင်း မောင်းနှင်လာခဲ့သည်။
ထိုသို့ မောင်းနှင်လာစဥ် ရီးမဝကျေးရွာမရောက်မီ ၂ ဖာလုံခန့်အကွာအရောက် ကုလားတန်မြစ်၏ ညာဘက်မြစ်ကမ်းပေါ်မှ လက်နက်ကိုင်အဖွဲ့ဝင်များက သေနတ်များဖြင့် ပစ်ခတ်ခဲ့ကြသည်ဟု နစက မှထုတ်ပြန်ခဲ့သည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် မောင်နေမင်းထွန်း (၁၁)နှစ် ၅ တန်းနှင့်မောင်သန်းမြင့်(၁၁)နှစ် ၅ တန်းတို့တွင် နောက်ကျောကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် စက်လှေမောင်းသူ ဦးဗဒူတွင် ဘယ်ဘက်လက်ကောက်ဝတ်နှင့်လည်ပင်းကျည်ရှပ်ထိ၊ မခင်သီတာ(၁၄)နှစ် ၅ တန်းတွင် ဘယ်/ညာ ခြေ ထောက်နှစ်ချောင်း၌ ကျည်ထိမှန်၊မောင်အောင်လင်းဝင်း(၁၁)နှစ် ၅ တန်းတွင် ကျောကျည်ရှပ်ထိဒဏ်ရာများအသီးသီးရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက နယ်မြေခံလုံခြုံရေးစစ်ကြောင်းများနှင့်ပူးပေါင်း၍ ရှာဖွေစုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။