မြောက်ကိုရီးယားသည် ၎င်းနိုင်ငံ၏ ပထမဆုံးသော စစ်တပ်ကင်းထောက် ဂြိုလ်တုကို မေလ ၃၀ ရက် ဗုဒ္ဓဟူးနေ့က လွှတ်တင်ခဲ့ရာ ဒုတိယအဆင့်တွင် အင်ဂျင်ပြဿနာကြောင့် ချို့ယွင်းသွားပြီး ပင်လယ်ထဲသို့ ထိုးကျသွားကြောင်း နိုင်ငံပိုင် သတင်းဌာနဖြစ်သည့် ကိုရီးယား ဗဟို သတင်း အေဂျင်စီ KCNA က ပြောကြားခဲ့သည်။
သို့ရာတွင် ပြုံးယမ်းက ဒုတိယအကြိမ် လွှတ်တင်မှုကို တတ်နိုင်သမျှ အမြန်ဆုံး လုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့သည်။
KCNA က ဂြိုလ်တုကို တင်ဆောင်သွားသည့် Chollima-1 ဒုံးပျံသည် ပုံမှန်ပျံသန်းနေချိန်အတွင်း ပထမအဆင့်အပြီး ဒုတိယအဆင့်တွင် အင်ဂျင်လည်ပတ်မှု မူမမှန် ဖြစ်ခြင်းကြောင့် တွန်းကန်အား ဆုံးရှုံးသွားကာ အနောက်ပင်လယ်ထဲသို့ ထိုးကျပျက်စီးသွားသည်ဟု ပြောသည်။
ထိုသို့ဖြစ်ရခြင်းမှာ အင်ဂျင်စနစ် အသစ်၏ တည်ငြိမ်မှုနှင့် စိတ်ချရမှု အားနည်းခြင်း အပြင် အသုံးပြုသည့် လောင်စာဆီ မတည်ငြိမ်ခြင်းကြောင့်လည်း ပါကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်က မြောက်ကိုရီးယား၏ ဂြိုလ်တု လွှတ်တင်ရေးယာဉ်၏ အစိတ်အပိုင်းဟု ယူဆရသော အရာဝတ္ထုကို Eocheong ကျွန်း၏ အနောက်ဘက် ၁၂၄ မိုင် ကျော်အကွာတွင် ရှာဖွေ့တွေ့ရှိခဲ့သည်ဟု ပြောသည်။
အဆိုပါ ဂြိုလ်တု လွှတ်တင်မှုကြောင့် ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံ မြို့တော် ဆိုးလ်တို့တွင် အရေးပေါ် သတိပေးချက်များ ထုတ်ပြန်ခဲ့ရသည်ဟုလည်း သိရသည်။
Source: CNN