နှစ်သောင်းတန် ထုတ်ဝေမည်ဆိုသည့် သတင်းထွက်ပေါ်ပြီးသည့် နေ့မှစကာ ယနေ့ ဇူလိုင်လ (၂၆) ရက် နေ့လယ်ပိုင်းအထိ ရွှေစျေးကွက်အတွင်း ဈေးမဖွင့်နိုင်သေးဘဲ အရောင်းအဝယ်အေးနေကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။
“မနေ့ကတော့ အရောင်း အဝယ်လုပ်လို့ရတယ်။ ဈေး (၃၄) သိန်းကျော်နဲ့ ဈေးဖွင့်တယ်လို့ ကြားတယ်။ တစ်ကယ်တမ်း အပြင်ဆိုင်မှာ အရောင်း အဝယ်လုပ်ကြည့် မရဘူး။ တိတိကျကျပြောရရင် ဒီနေ့အထိ ရွှေဈေးက မဖွင့်နိုင်သေးဘူး”ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းဝင် ရွှေလုပ်ငန်းရှင်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
ဗဟိုဘဏ်မှ “နှစ်သောင်းကျပ်တန်”ငွေစက္ကူအသစ် ထုတ်ဝေမည်ဆိုသည့် သတင်းထွက်သည့်နေ့မှစကာ ရွှေဈေးကွက်အပြင် နိုင်ငံခြား ငွေဈေးကွက်၊ အိမ်ခြံမြေဈေးကွက်နှင့် ကားဈေးကွက်အတွင်း၌ ဈေးနှုန်းများ မငြိမ်မသက်ဖြစ်ကာ အရောင်း အဝယ် ဆိုင်းငံ့၍စောင့်ကြည့်နေရခြင်း ဖြစ်သည်။
ငွေစက္ကူထုတ်ဝေခြင်းနှင့် ပတ်သက်ပြီး ကောလာဟလများလွှင့်ထုတ်၍ ကုန်ဈေးနှုန်းမတည်မငြိမ်ဖြစ်စေရန် ဆောင်ရွက်ခြင်း၊ ရွှေဈေးနှုန်းတည်ငြိမ်မှုမရှိအောင် ရောင်းဝယ်ဆောင်ရွက်ခြင်းများမပြုလုပ်ရန် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ပန်ကြားထားပြီး ရွှေဈေးနှုန်းတည်ငြိမ်ရေးအတွက် ရွှေကုန်သည်များ၊အသင်းသူ/သားများ၊ ရွှေဆိုင်များ ပူးပေါင်းဆောင်ရွက်ရန်လည်း မေတ္တာရပ်ခံထားသည်။
” ရွှေဈေးကွက်က အရောင်းအဝယ်မရှိသလောက် အေးတယ်။ အရောင်းအဝယ်မရှိလို့ ရွှေဈေးကွက်က မဖွင့်နိုင်သေးဘူး။ အပြင်မှာ (၃၄) သိန်း၊ (၃၅)သိန်းနဲ့ ဈေးဖွင့်တယ်ဆိုတာ မနက်ပိုင်း (၇) နာရီဆို အရောင်းအဝယ်လုပ်တဲ့အဖွဲ့က ဖွင့်တာ”ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။