တရုတ်နိုင်ငံ၏ လူဦးရေသည် ပြီးခဲ့သည့်နှစ်က ဆယ်စုနှစ်ခြောက်ခုအတွင်း ပထမဆုံးအကြိမ် ကျဆင်းသွားခဲ့သည်။
ယင်းကဲ့သို့ ကျဆင်းမှုသည် တရုတ်နိုင်ငံ၏ ကာလကြာရှည်စွာ လူဦးရေ ဆက်လက်ကျဆင်းဦးမည့် ခေတ်ကာလတစ်ခု၏ အစပိုင်းသာဖြစ်ပြီး ၎င်း၏ စီးပွားရေးနှင့် ကမ္ဘာ့စီးပွားရေးအတွက်ပါ အကြီးအကျယ် ဂယက်ရိုက်ခတ်မှု တစ်ရပ်ဖြစ်လာမည့် သမိုင်းဝင် အလှည့်အပြောင်းတစ်ခုဖြစ်သည်။
၂၀၂၂ ခုနှစ်သည် တရုတ်နိုင်ငံအတွက် ၁၉၆၁ ခုနှစ်နောက်ပိုင်း လူဦးရေကျဆင်းမှုတွင် အဆိုးရွားဆုံးနှစ် ဖြစ်လာပြီး ထိုဖြစ်ရပ်ကြောင့် ကျွမ်းကျင်သူများက အိန္ဒိယသည် ယခုနှစ်အတွင်း ကမ္ဘာ့လူဦးရေ အသိပ်သည်းဆုံး နိုင်ငံဖြစ်လာမည်ဟူ၍ ခန့်မှန်းနေကြသည်။
တရုတ်နိုင်ငံ၏ လူဦးရေသည် ၂၀၂၂ ခုနှစ်အကုန်တွင် အကြမ်းဖျင်းအားဖြင့် ၈ သိန်း ၅ သောင်း ကျဆင်းသွားပြီး စုစုပေါင်း ၁ ဒသမ ၄၁၁၇၅ ဘီလျံသာ ကျန်ရှိတော့ကြောင်း နိုင်ငံတော်စာရင်းအင်း အဖွဲ့က ပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ်ရှိ လူဦးရေ ၁ ဒသမ ၄၁၂၆၀ ဘီလျံနှင့် ယှဉ်ကြည့်ပါက သိသိသာသာ လျော့ကျသွားခြင်းဖြစ်သည်။
ထိုကဲ့သို့ ဆက်လက်ကျဆင်းနေပါက တရုတ်၏ လူဦးရေသည် ၂၀၅၀ ပြည့်နှစ်လောက်တွင် ၁၀၉ သန်းအထိ ကျဆင်းသွားနိုင်သည်ဟု ကုလသမဂ္ဂကဆိုသည်။
ယင်းသို့ ကျဆင်းနေသည့်အပေါ် တရုတ်ပြည်သူအချို့က မအံဩကြောင်းနှင့် ထိုသို့ ဖြစ်နေရသည့် အကြောင်းရင်းမှာ အိမ်ရာမြေဈေးနှုန်းများ၊ လူမှုဖူလုံရေး ငွေကြေးထောက်ပံ့မှု၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်ရေး စသည့် စရိတ်စကများ ဈေးကြီးလွန်းခြင်းကြောင့် ဖြစ်ကြောင်း ထောက်ပြခဲ့သည်။
“ဒီလို အိမ်ရာမြေဈေးတွေ အရမ်းဈေးကြီးနေတာ ဘယ်သူက ကလေးယူရဲမှာလဲ။ ကလေးယူဖိုနေနေသာသာ ဘယ်သူမှ လက်မထပ်ချင်ကြတော့ဘူး” ဟု အင်တာနက်အသုံးပြုသူတစ်ဦးက ဝေဘော်အက်ပ်တွင် ရေးသားခဲ့သည်။
Source: CNA
