ရုရှားနှင့် အမေရိကန်ဆုကြေးစား ကစားသမားများပါဝင်မည့် ရေခဲပြင်ဟော်ကီပွဲ ကစားပွဲများ ကျင်းပရန် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ စိတ်ကူးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ထောက်ခံခဲ့သည်ဟု အင်္ဂါနေ့က သမ္မတနှစ်ဦး ဖုန်းခေါ်ဆွေးနွေးမှုအပြီးတွင် ခရမ္မလင်က ပြောကြားခဲ့သည်။
လွန်ခဲ့သည့်သုံးနှစ်က ယူကရိန်းကို ကျူးကျော်ခဲ့ချိန်မှစကာ ရုရှားနိုင်ငံသည် နိုင်ငံတကာ ရေခဲပြင်ဟော်ကီပြိုင်ပွဲများနှင့် ကင်းဝေးခဲ့သည်။
“NHL နှင့် KHL မှာ ကစားနေတဲ့ ရုရှားနဲ့ အမေရိက ကစားသမားတွေပါဝင်တဲ့ ဟော်ကီပွဲတွေကို အမေရိကနဲ့ ရုရှားမှာ ပြုလုပ်ပေးဖို့ ဗလာဒီမာပူတင်ရဲ့ စိတ်ကူးကို ဒေါ်နယ်ထရမ့်ပ်က ထောက်ခံခဲ့ပါတယ်” ဟု ခရမ္မလင်က ပြောဆိုသည်။
National Hockey League(NHL) သည် မြောက်အမေရိက၏ ထိပ်တန်းဟော်ကီလိဂ်ပြိုင်ပွဲဖြစ်ပြီး Kontinental Hockey League (KHL) သည် ရုရှားအခြေစိုက် ဟော်ကီလိဂ်ဖြစ်သည်။
ခေါင်းဆောင်နှစ်ဦး ဖုန်းပြောဆိုအပြီး အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင်မူ ဟော်ကီကိစ္စနှင့် ပတ်သက်၍ ဖော်ပြထားခြင်း မရှိသကဲ့သို့ အားကစားပွဲနှင့် ပတ်သက်သော မေးမြန်းမှုများကို တုန့်ပြန်ဖြေကြားခြင်း မရှိခဲ့ပေ။
NHL က ယင်းကိစ္စနှင့် ပတ်သက်၍ ဖြေကြားစရာ မရှိသေးဟု ပြောကြားခဲ့သည်။
သမ္မတထရမ့်နှင့် သမ္မတ ပူတင်တို့ စကားပြောဆိုခဲ့ခြင်းကို မိမိတို့ သိရှိထားရုံသာရှိပါကြောင်း NHL ပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့သည်။
“သေချာတာကတော့ ကျွန်တော်တို့က ဒီဆွေးနွေးမှုတွေမှာ ပါဝင်ခဲ့တဲ့ အဖွဲ့အစည်းတစ်ခုမဟုတ်တာကြောင့် ဒီအချိန်မှာ မှတ်ချက်ပေးဖို့ မသင့်လျော်ပါဘူး” ဟု သူက ဆိုခဲ့သည်။
Ref: ယူအက်စ်နူးစ်