မြန်မာနိုင်ငံတွင် နျူကလီးယားစွမ်းအင်နှင့်ပတ်သက်၍ ကြောက်ရွံမှုများ၊ သတင်းအမှားများ ရှိနေသဖြင့် နျူးကလီးယားစွမ်းအင်သည် ဘေးအန္တရာယ် ကင်းရှင်းပြီး ယုံကြည်စိတ်ချ၍ ရသည်ဆိုသည့်အချက်ကို မီဒီယာများမှတဆင့် တိကျခိုင်မာသည့် သတင်းအချက်အလက်များဖြင့်ရှင်းလင်းသွားမည်ဟု သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ပြောသည်။
မေ (၂၉) ရက် နံနက် (၉) နာရီက ရန်ကုန်မြို့ရှိ နျူးကလီးယား နည်းပညာသတင်းအချက်အလက်စင်တာတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံ Rosatom တို့မှ စီစဥ်ပြုလုပ်သည့် မြန်မာမီဒီယာများအတွက် နျူးကလီးယားစွမ်းအင်ဆိုင်ရာ အသိပညာမျှဝေဆွေးနွေးပွဲတွင် အမြဲတမ်းအတွင်းဝန် ဦးစိုင်းကျော်နိုင်ဦးက ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် နျူးကလီးယား နည်းပညာသတင်း အချက်အလက်စင်တာ၌ နျူးကလီးယား စွမ်းအင်နှင့် ပတ်သက်၍ ကျောင်းသားလူငယ်များ စိတ်ဝင်စားစွာလာရောက်လေ့လာလျက်ရှိသည်ဟုလည်း ၎င်းက ထည့်သွင်း ပြောကြားသွားခဲ့သည်။
ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံကြား နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းသည့် ရည်ရွယ်ချက်ဖြင့် အသုံးချရေး ပူးပေါင်းဆောင်ရွက်ရန် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် ROSATOM တို့ကြား နျူကလီးယားစွမ်းအင် နယ်ပယ်ဆိုင်ရာ လေ့ကျင့်ရေးနှင့် ကျွမ်းကျင်မှု အရည်အသွေး ဖွံ့ ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးနားလည်မှု စာချွန်လွှာကို ၂၀၂၂ ခုနှစ်၊ ဇူလိုင် (၁၁) ရက်က မော်စကိုမြို့၌ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ထို့ပြင် နျူးကလီးယားနည်းပညာ သတင်းအချက် အလက်စင်တာဖွင့်ပွဲတွင်လည်း နျူကလီးယား နည်းပညာအသုံးချ နယ်ပယ် (၁၄) ခုတွင် အစိုးရ အချင်းချင်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြကြောင်း အမြဲတမ်း အတွင်းဝန်၏ ပြောကြားချက်အရ သိရသည်။