လာမည့် (၁၀) ရက်တာ ကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း (၁) ကြိမ် ဖြစ်ပေါ်နိုင်ကာ ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ဒုတိယ (၁၀) ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်ကို ထုတ်ပြန်အသိပေးထားခြင်းဖြစ်ပြီး အဆိုပါ ရက်များအတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် အနောက်တောင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေနိုင်ကြောင်းလည်း သိရသည်။
မိုးရွာသွန်းမှု အခြေအနေအရ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ ရခိုင်ပြည်နယ်တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၇)ရက်မှ (၁၀) ရက်ခန့်အထိ မိုးထစ်ချုန်း ရွာသွန်းနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ မန္တလေးတိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် (၃)ရက်မှ (၆)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်းလည်း ထုတ်ပြန်ကြေညာထားသည်။
ယနေ့ ဇူလိုင်လ (၁၁)ရက်၊ နံနက်ပိုင်းအချိန် ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားအသင့်အတင့် ရှိနေပြီး ယနေ့ညနေအထိခန့်မှန်းချက်အရ နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။