၂၀၂၃ ခုနှစ်၊ဧပြီလတွင်ကျရောက်မည့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကျင်းပရာတွင် နေပြည်တော်၌လည်း ပြည်သူများပျော်ရွှင်စွာပါဝင်ဆင်နွှဲနိုင်စေရန် ပထမဆုံးအကြိမ်အဖြစ် လမ်းလျှောက်သင်္ကြန်ထည့်သွင်းကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လမ်းလျှောက်သင်္ကြန်ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးအား ဖေဖော်ဝါရီ ၂၂ ရက်နံနက် ၁၀ နာရီကကျင်းပခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်း တက်ရောက်ခဲ့သည်။
နေပြည်တော်၌ကျင်းပမည့် ယခုနှစ်သင်္ကြန်တွင် လမ်းလျှောက်သင်္ကြန်အား ပထမဆုံးအဖြစ်ထည့် သွင်းကျင်းပသွားမည်ဖြစ်၍ မြန်မာ့ရိုးရာယဉ်ကျေးမှုအငွေ့အသက်များမပျောက်ပျက်အောင် စံနမူနာပြဆောင်ရွက်သွားရမည်ဟု ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက မှာကြားခဲ့သည်။
ထို့ပြင် ပြန်ကြားရေးဝန်ကြီးဌာ ဒု-ဝန်ကြီးဦးရဲတင့်၊နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်၊ နေပြည်တော် ဒု-မြို့တော်ဝန်ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ Brilliant Aura ကုမ္ပဏီမှတာဝန်ရှိသူနှင့်တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက်ဆွေးနွေးခဲ့ကြသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ဧပြီလကကျင်းပခဲ့သည့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်တွင် ရန်ကုန်မြို့နှင့်မန္တလေးမြို့တို့၌ လမ်းလျှောက်သင်္ကြန်များဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
ပုံစာ -2022ခုနှစ် ရန်ကုန်လမ်းလျောက် သင်္ကြန်