နေပြည်တော်တွင် အခြား သီးနှံဖြစ်သည့် သပြေ စိုက်ပျိုးမှု များပြားလာ၍ နေ့စား အလုပ်သမားများ အတွက် အဆင်ပြေ
နေပြည်တော်ပြည်ထောင်စု နယ်မြေအတွင်း ယခုမိုးရာသီကာလ အတွင်း စပါးအပြင် အခြားသီးနှံများ ပါ စိုက်ပျိုးနေပြီး အခြားသီးနှံ တစ်မျိုးဖြစ်သည့် သပြေငုတ်ပင်များ စိုက်ပျိုးမှု များပြာလာနေ၍ နေ့စား အလုပ်သမားများအတွက် တစ်ဖက်တစ်လမ်းမှ အဆင်ပြေမှုများ ရရှိလျက်ရှိကြောင်း သပြေစိုက်ပျိုးသူများထံမှ သိရသည်။
နေပြည်တော်တွင် ယခုနှစ် မိုးရာသီကာလတွင် မိုးစပါး ၁၆၈၀၀၀ ကျော်စိုက်ပျိုးရန်လျာထား စိုက်ပျိုးလျက်ရှိပြီး အခြားသီးနှံ များဖြစ်ကြသည့် ပဲ၊ နှမ်း တို့ကိုလည်း စိုက်ပျိုးကြလျက်ရှိကြောင်း၊ ထို့ပြင် အခြားသီးနှံ တစ်မျိုးဖြစ်ပြီး ဈေးကွက် ခိုင်မာမှုရှိနေသည့် သပြေငုတ်ပင် များကိုလည်း ပိုမိုစိုက်ပျိုးလာကြ လျက်ရှိရာ အဆိုပါသပြေ စိုက်ပျိုးရာတွင် စက်နှင့်စိုက်ပျိုးရခြင်းမျိုးမဟုတ်ဘဲ နေ့စား စိုက်ပျိုးရေး သမားများ ဖြင့်သာ စိုက်ပျိုးကြရခြင်းဖြစ်သောကြောင့် သပြေစိုက် နေ့စားအလုပ်သမား များအတွက် အဆင်ပြေလျက် ရှိကြောင်း သိရသည်။
“ အရင်နှစ်က ပဲစိုက်တဲ့သူ၊ နှမ်းစိုက်တဲ့သူ၊ ပြောင်း စိုက်တဲ့သူတောင်သူတွေ တော်တော်များများက ဒီနှစ်မှာ ဒီသပြေကို ပြောင်းပြီး စိုက်လာကြတယ်။ ကျွန်တော်တို့ဆိုလဲ မနှစ်က စပါးစိုက်တယ်။ မိုးကလဲ မမှန်တော့ စပါးလဲမရဘူးပေါ့။ ဒါကြောင့် ဒီနှစ်မှာ သပြေပြောင်း စိုက်ထားတယ်။ အဲ့ဒီမှာ သပြေက လူအင်အားသုံးပြီး စိုက်ရတာ ဖြစ်တဲ့အတွက် သပြေစိုက် အငှားလိုက်တဲ့ နေ့စားသမားတွေအတွက်က ဒီနှစ်က ဝင်ငွေကောင်းတာပေါ့။ ဒီနှစ်က ကိုဗစ်နဲ့ဆိုတော့ အလုပ်သမားနေ့စားခ တွေကလဲ ဈေးနဲနဲတက်လာတာတွေ လဲရှိတော့ အဆင်ပြေ ကြတယ်။ ပြီးခဲ့တဲ့နှစ်က စိုက်ထားတဲ့ သပြေခင်းတွေကလဲ ပေါင်းတွေ ထိုးရတဲ့အချိန်ဆို တော့ နေ့စားသမားတွေက နေ့တိုင်း အလုပ်ဆင်းကြရတော့ အဆင်ပြေကြတယ် လို့ပြောရမှာပါ” ဟု ပျဉ်းမနားမြို့နယ်မှ သပြေစိုက်တောင်သူ တစ်ဦးက ပြောသည်။
နေပြည်တော်တွင် စိုက်ပျိုးသည့် အဆိုပါ သပြေငုတ်မျိုးများမှာ အဓိကအားဖြင့် မန္တလေး၊ ပြင်ဦးလွင်၊ ရန်ကုန်၊ တောင်ကြီး စသည့်ဒေသ များသို့ အဓိကတင်ပို့နေရပြီး ဒေသတွင်း၌လည်း အသုံးပြုမှု များပြားကြောင်း၊ သပြေငုတ်ပင်များမှာ ကြာရှည် အသုံးပြုခံသည့် အတွက် အသုံးများကြကာ ဈေးကွက်မှာလည်း ခိုင်မာမှုရှိကြောင်း သိရသည်။
“ ဒီနှစ်က သပြေမျိုးပင် ဈေးတွေက ဇူလိုင်လတုန်းကဆိုရင် တစ်ပင်မှ ၆ ကျပ်နှုန်းလောက်ပဲရှိတော့ သပြေစိုက်တဲ့ သူတွေတော်တော် များလာတယ်။ အခုတော့ သပြေပျိုးပင်ဈေးက ၁၂ ကျပ်လောက်ထိတက်လာ နေတယ်။ ဒီနှစ်က မနှစ်ကထက် စိုက်ပျိုးမှု ပိုများလာတယ် လို့ပြောရမယ်။ ငွေကို လက်ထဲမထားချင်လို့ ရင်းနှီးမြှုပ်နှံတဲ့အနေနဲ့ပေါ့။ ကျွန်တော့် ဆီမှာရှိတဲ့အလုပ်သမားတွေ ဆိုရင်လည်း နေ့တိုင်း မနားရဘူး။ သပြေခင်းတွေကို ပတ်ပြီးအလုပ်ဆင်းနေကြရတာ” ဟု ဇေယျာသီရိမြို့နယ်မှ သပြေပွဲစားတစ်ဦးကပြောသည်။