နေပြည်တော် ပြည်ထောင်စုနယိမြေအတွင်း ကိုဗစ် -၁၉ ရောဂါကူးစက်ဖြစ်ပွားမှုများကြောင့် နေ့စဉ် လူနာ( ၅ )ဦးအထက်သေ ဆုံးလျက်ရှိကြောင်း နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန စာရင်းများအရ သိရသည်။
မြန်မာနိုင်ငံတွင် ကိုဗစ် တတိယလှိုင်း အနေဖြင့် မေလခန့်မှ စတင်ပြီး ပြန်လည်ဖြစ်ပေါ်ခဲ့ရာ လက်ရှိ ဇူလိုင်လအတွင်းထိ ကိုဗစိ-၁၉ ရောဂါပိုးကူးစက်ခံရသူဦးရေမှာ တစ်နေ့ထက်တစ်နေ့ များပြားလာလျက်ရှိပြီး သေဆုံးသူဦးရေမှာလည်း များပြားလာလျက်ရှိနေကြောင်း၊ နေပြည်တော်ပြည်ထောင်စုနယ်မြေတွင်လည်း ရောဂါဖြစ်သူဦးရေမှာ နေ့စဉ် ဦးရေ ၁၀၀ ကျော် တွေ့ရှိနေပြီး သေဆုံးသူမှာလည်း နေ့စဉ်( ၅ )ဦးထက် မနည်းသေဆုံးမှုရှိနေကြောင်း သိရသည်။
” နေပြည်တော်ထဲမှာ ပိုးတွေ့မှုက နေ့စဉ်တွေ့နေရပါတယ်။ အခြားဒေသက ဝင်လာတဲ့သူတွေကိုလည်း အဝင်ပိတ်ထားတာကြာပါပြီ။ ဒေသတွင်းမှာကိုပဲ ကူးစက်မှုတွေ များနေတာပါ။ သေဆုံးမှုကလည်း တစ်နေ့တစ်နေ့( ၄ )ဦး( ၅ )ဦး အထက်မှာက များပါတယ်။ တစ်ရက်တလေမှာတော့( ၂) ဦး (၃ )ဦး လောက်ရှိပါတယ်” ဟု နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နေပြည်တော်တွင် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လပိုင်းမှစ၍ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့ထိတွင် ကိုဗစ်ကူးစက်ဖြစ်ပွားသူလူနာဦးရေပေါင်း ၇၂၆၆ ဦးထိ ရှိလာနေခြင်းဖြစ်ပြီး ဇမ္ဗူသီရိမြို့နယ်တွင် ၂၉၆၉ ဦး၊ ဒက္ခိဏသီရိမြို့နယ်တွင် ၂၀၁ ဦး၊ ဥတ္တရသီရိမြို့နယ်တွင် ၂၁၉ ဦး၊ ပုဗ္ဗသီရိမြို့နယ်တွင် ၅၉၀ ဦး၊ ဇေယျာသီရိမြို့နယ်တွင် ၉၃၄ ဦး၊ ပျဉ်းမနားမြို့နယ်တွင် ၉၅၃ ဦး၊ လယ်ဝေးမြို့နယ်တွင် ၈၃၃ ဦး၊ တပ်ကုန်းမြို့နယ်တွင် ၂၂၀ ဦး၊ နေပြည်တော်နယ်မြေပြင်ပမှဝင်လာသူများထံမှ ၃၄၇ ဦး စုစုပေါင်း ၇၂၆၆ ဦးတို့ဖြစ်ကြကြောင်း၊ အဆိုပါ ပိုးတွေ့လူနာ ၇၂၆၆ ဦးအနက် သေဆုံးခဲ့သူ ၁၃၃ ဦးထိ ရှိထားပြီး ဇူလိုင် ၂၅ ရက်နေ့ နေပြည်တော် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာစာရင်းအရ သေဆုံးသူအသစ် ၁၁ ဦး ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
PHOTO _Naypyitaw Council