ခတ္တမန္ဒူ၊စက်တင်ဘာ ၂၉
နီပေါနိုင်ငံ၌ မုတ်သုန်မိုးပြင်းထန်စွာရွာသွန်းသဖြင့် ရေကြီးကာမြေပြို ၍ လူ ၁၉၂ ဦးအထိ ေ-သဆုံးခဲ့ပြီး ဖြစ်ကြောင်းသိရသည်။ ယခုအခါ အခြေအနေတည်ငြိမ်သွားပြီဖြစ်သဖြင့် ဒေသခံအချို့သည် ၎င်းတို့၏နေအိမ်များသို့ ပြန်နေပြီဟုလည်းသိရသည်။
ယခုနှစ်မုတ်သုန်ကာလအတွင်း တောင်အာရှတစ်ခွင်၌ရာသီဥတုဆိုးရွားပြင်းထန်နေပြီး မိုးလေဝသပညာရှင်များကမူ ရာသီဥတုဖောက်ပြန်မှုများကြောင့် ယခုလို ပြင်းထန်သည့်အခြေအနေများ ဖြစ်လာကြောင်း ပြောကြားခဲ့သည်။
ခတ္တမန္ဒူရှိ ရပ်ကွက်များသည် အနီးနားရှိ မြစ်၊ချောင်းများ ရုတ်တရက်ရေလျှံတက်လာမှုကြောင့် ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့ပြီး ခတ္တမန္ဒူနှင့် အခြားမြို့များကိုဆက်သွယ်ထားသည့် လမ်းများလည်းရေလွှမ်းကာ
လမ်းပမ်းဆက်သွယ်ရေးပြတ်တောက်မှုများဖြစ်ပေါ်ခဲ့သည်။
မြစ်ကမ်းနားနေသူ ဒေသခံတစ်ဦး၏ပြောကြားချက်အရ ရေတက်လာသဖြင့် ညကြီးသန်းခေါင် တစ်မိသားစုလုံးရှောင်ပြေးခဲ့ရပြီး ယခုရေကျသွားချိန်ပြန်လာသည့်အခါ အခြေအနေများမှာ ဆိုးရွားလွန်းလှပြီး ရွှံ့များကြောင့် အိမ်တံခါးပင်ဖွင့်မရတော့ကြောင်းပြောကြားခဲ့သည်။
နီပေါပြည်ထဲရေးဝန်ကြီးဌာနကမူ ယခုသဘာဝဘေးအန္တရာယ်အတွင်း နိုင်ငံတစ်ဝန်း ေ-သဆုံးသူ ၁၇၀ ဦးအထိရှိခဲ့ကာ ၄၂ ဦး ပျောက်ဆုံးနေသေးကြောင်းလည်းသိရသည်။ လူပေါင်း ၃,၀၀၀ ထက်မနည်းကို ကယ်တင်ထားနိုင်ပြီဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။
ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် တပ်မတော်သား ၃,၀၀၀ ထက်မနည်းကို တပ်ဖြန့် ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ကို ဆောင်ရွက်ထားစေပြီး ရဟတ်ယာဉ်များ၊မော်တော်ဘုတ်များအသုံးပြုကာ ကယ်ဆယ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်လုပ်ဆောင်နေသည်ဟုလည်း တာဝန်ရှိသူများကပြောကြားခဲ့သည်။
Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်