ခတ္တမန္ဒူ၊ စက်တင်ဘာ ၅
နီပေါနိုင်ငံ၌ ပြင်းထန်သည့် သဘာဝဘေးအန္တရာယ် ဖြစ်ပွားပြီး ၁၀ ရက်အကြာတွင် ထရီရှူလီ (Trishuli) မြစ်ကြောင်းပေါ်ရှိ ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ ဥမင်လိုဏ်ခေါင်းတစ်ခုအတွင်း ပိတ်မိနေသည့် တရုတ်နိုင်ငံသားတစ်ဦးကို စက်တင်ဘာ ၅ ရက်တွင် အသက်ရှင်လျက် ထပ်မံကယ်ထုတ်နိုင်ခဲ့ကြောင်း နီပေါစစ်တပ်က ပြောကြားသည်။
ဩဂုတ် ၂၆ ရက်က မြစ်အထက်ပိုင်းရှိ ရေခဲမြစ်တစ်စင်း ပြိုကျခဲ့ရာမှ ရေခဲ၊ ကျောက်တုံးနှင့် ရွှံ့နွံများ အလုံးအရင်းဖြင့် စီးဆင်းလာကာ ဟိမဝန္တာတောင်တန်းဒေသရှိ ချိုင့်ဝှမ်းတစ်လျှောက် အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့သည်။
အဆိုပါ သဘာဝဘေးကြောင့် လူပေါင်း ၁,၃၀၀ ကျော် သေဆုံးခဲ့ပြီး ၅,၆၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရေအားလျှပ်စစ်စီမံကိန်း ခြောက်ခုနှင့် ဆက်စပ်နေသည့် ဥမင်လိုဏ်ခေါင်းများအတွင်း လူ ၉၀၀ ထက်မနည်း ပိတ်မိနေခဲ့သည်ဟု ယူဆရကြောင်း ကယ်ဆယ်ရေးလုပ်သားများက ပြောကြားထားသည်။
ကယ်ဆယ်ရေးနှင့် ရှာဖွေရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေစဉ် သဘာဝဘေးဖြစ်ပွားပြီး ၁၀ ရက်အကြာ၌ တရုတ်နိုင်ငံသားတစ်ဦးကို အသက်ရှင်လျက် ထပ်မံတွေ့ရှိကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။
Ref: Reuters
