ယခုနိုဝင်ဘာလလယ်အတွင်းပြည်နယ်နှင့်တိုင်းဒေသကြီးအချို့တွင် ညအပူချိန် လျော့နည်းနိုင်ပြီး ဒေသအချို့တွင် မြူထူဆိုင်းနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နိုဝင်ဘာလပျမ်းမျှအပူချိန်၏ ၁ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်နှင့်အောက် လျော့နည်းနိုင်ပြီး မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နိုဝင်ဘာလပျမ်းမျှအပူချိန်၏ ၁ဒသမ၅ ဒီဂရီဆဲလ်စီးယပ်နှင့်အထက် ပိုနိုင်ကာ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)တို့တွင် နိုဝင်ဘာလပျမ်းမျှ အပူချိန်ခန့်သာ ရှိနိုင်ကြောင်း သိရသည်။
မြူအခြေအနေနှင့်ပတ်သက်ပြီးစစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ၄ ရက်မှ ၆ ရက်ခန့် နှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ၁ ရက်မှ ၃ ရက်ခန့် နံနက်ပိုင်းတွင် မြူထူများဆိုင်းနိုင်ကြောင်း သိရသည်။
