လက်ရှိနိုင်ငံအတွင်း ဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်ကို ပါဝင်ပတ်သက်သည့် အင်အားစုများ အားလုံး အနေဖြင့် စိတ်ရှည်သည်းခံမှု၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းအရ စေ့စပ်ညှိနှိုင်းအဖြေရှာခြင်းနည်းဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန် မွန်အမျိုးသားညီညွှတ်ရေးပါတီက တိုက်တွန်းထားသည်။
ယင်းအပြင် နှစ်ရှည်ကာလဖြစ်ပွားနေသည့် ပြည်တွင်းပဋိပက္ခများ ချုပ်ငြိမ်းသွားနိုင်ရန်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးရှေးရှုလျှက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကျသည့် စစ်မှန်သော တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို အလေးထားပြီး ကြိုးပမ်းဆောင်ရွက်သွားကြပါရန် အလေးအနက် တိုက်တွန်းထားသည်။
လာမည့် ဖေဖော်ဝါရီ ၅ ရက်၌ ကျရောက်မည့် (၇၆) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားအတွက် မွန်ညီညွှတ်ရေးပါတီက ယနေ့ ဇန်နဝါရီ ၃၀ ရက်တွင် အထက်ပါအတိုင်း ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
ထို့အပြင် တစ်နိုင်ငံလုံးရှိ ပြည်သူလူထုတစ်ရပ်လုံး အေးချမ်းပျော်ရွှင်စွာ နေထိုင်သွားလာနိုင်ရေး လူမျိူးစုအားလုံးလိုလားတောင့်တနေသော တန်းတူရေးနှင့် ငြိမ်းချမ်းစွာ အူယှဉ်တွဲနေထိုင်ရေးစသည့် ဆန္ဓများကိုအထူးအလေးဂရုပြုကြရန် အရေးကြီးရာ ပါဝင်ပတ်သက်နေကြသည့် အင်အားစု၊ အစုအဖွဲ့အားလုံးတို့မှ အပတ်တကုတ်ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ကြရန်အလေးအနက် တိုက်တွန်းနှိုးဆော်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
မွန်ညီနောင် နှစ်ပါးဖြစ်သည့် သမလ၊ ဝိမလ တို့သည် ဟံသာဝတီ(ပဲခူး)၊ မင်းနေပြည်တော် စတင် တည်ထောင်ခဲ့သည့် သာသနာ သက္ကရာဇ် ၁၁၁၆ခုနှစ် ၊ တပိုတွဲလပြည့်ကျော် ၁ ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ပြီး၊ အခမ်းအနားကျင်းပလာခဲ့ရာမှ ယခု ကောဇာသက္ကရာဇ် ၁၃၈၄ ခုနှစ် တပိုတွဲလပြည့်ကျော် ၁ ရက်တွင် (၇၆)ကြိမ် ရှိခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
