နိုင်ငံရေးရာထူးမရှိသည့် နစကကိုယ်စားလှယ်တစ်ဦး အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဟုဆို
မကြာမီကျင်းပတော့မည့် အာဆီယံထပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံဘက်က ကိုယ်စားလှယ်တစ်ဦးစေလွှတ်ရန်ရှိကာ ရွေးချယ်ထားပြီး ဖြစ်သည်ဟု နစကပြန်ကြားရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
အစည်းအဝေးတက်ရောက်မည့်သူမှာ နိုင်ငံရေးရာထူးမရှိသည့် နစကနိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းတစ်ဦးဖြစ်သည်ဟု ပြောကာ အဆိုပါပုဂ္ဂိုလ် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဟုပြောသည်။
“နိုင်ငံခြားရေးဝန်ကြီးဌာန က သက်ဆိုင်တဲ့သူကိုရွေးချယ်ပြီးပါပြီ”ဟု ၎င်းကပြောသည်။
တက်ရောက်မည့် ပုဂ္ဂိုလ်အမည်ကိုမူမပြောပေ။
သို့သော် အာရှရေးရာ ကျွမ်းကျင်သူတစ်ဦးဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။
အာဆီယံခေါင်းဆောင်များအစည်းအဝေးသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖိတ်ကြားမည်မဟုတ်ဘဲ မြန်မာနိုင်ငံမှ နိုင်ငံရေးနှင့်မသက်ဆိုင်သော ကိုယ်စားလှယ်တစ်ဦး(a non-political representative)ကိုသာ ဖိတ်ကြားလိမ့်မည်ဟု ဘရူနိုင်းနိုင်ငံက အောက်တိုဘာ ၁၆တွင် ပြောကာ အောက်တိုဘာ ၁၅ရက်ညနေပိုင်းက ပြုလုပ်သော မြန်မာ့လက်ရှိအခြေအနေဆိုင်ရာ အထူးအစည်းအဝေးအပြီးတွင် ထိုသို့ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း လက်ရှိ အာဆီယံဥက္ကဌအဖြစ်တာဝန်ယူထားရသည့် ဘရူနိုင်းနိုင်ငံကဆိုသည်။