မိမိတို့အနေဖြင့် နိုင်ငံနှင့်မကိုက်ညီသည့် ဒီမိုကရေစီစံနှုန်းများကို ရာနှုန်းပြည့်အခြေမပြုဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဒီဇင်ဘာ ၁၀ ရက်မွန်းလွဲပိုင်းက မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်များ ကတိသစ္စာပြုခြင်းအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် ဒီမိုကရေစီကူးပြောင်းကာစ ဖွံ့ ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်၍ အင်အားကြီးနိုင်ငံအချို့မှ လူ့အခွင့်အရေးများ၊ ဒီမိုကရေစီစံနှုန်းများနှင့် နိုင်ငံကိုအပြစ်ရှာပြောဆိုကာ ၎င်းတို့လိုချင်သည့်ပုံစံပေါ်အောင် သွတ်သွင်းပုံဖော်ရန်ကြိုးပမ်းနေကြသည်ဟု ပြောသည်။
” မိမိတို့အနေနဲ့ နိုင်ငံနဲ့မကိုက်ညီတဲ့ ဒီမိုကရေစီစံ နှုန်းတွေအပေါ် ရာနှုန်းပြည့်အခြေမပြုဘဲ နိုင်ငံရဲ့ပကတိအခြေအနေ၊ လူမှုစီးပွားဖြစ်ထွန်းမှုတွေ၊ သမိုင်းကြောင်းတစ်လျှောက်တွေ့ကြုံခဲ့ရတဲ့ သမိုင်းပေးတာဝန် သင်ခန်းစာတွေ၊ ဖွဲ့စည်းပုံအခြေ ခံဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့သာ အခြေခံစဉ်းစားပြီး ပန်းတိုင်ကို ရဲရဲဝံ့ဝံ့ဆက်လက်ချီတက်နေပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။
ထို့ပြင် နိုင်ငံရေး၊ စီးပွားရေး အင်အားကြီးသည့် အုပ်စုများမှ ဒီမိုကရေစီအသွင်ကူးပြောင်းစဖွံ့ ဖြိုးဆဲနိုင်ငံများအား ဝင်ရောက်စိုးမိုးခြယ်လှယ်နိုင်ရန် မီဒီယာသမားများကို လက်ကိုင်တုတ်အ ဖြစ်မွေးမြူကာ မီဒီယာသမားများမှတစ်ဆင့် ပြည်သူများ၏ သဘောထားခံစားချက်များ၊ နစ် နာချက်များကိုပစ်ပယ်ပြီး ၎င်းတို့လိုလားသည့်ပုံ စံများအတိုင်း ပုံဖော်သွတ်သွင်းထုတ်လွှင့်ဖော်ပြနေကြသည်ဟု ပြောသည်။
” အဆိုးရွားဆုံးက ဖွံ့ဖြိုးဆဲနိုင်ငံငယ်လေးတွေကို မတည်မငြိမ်ဖြစ်အောင်၊ ပဋိပက္ခတွေကြီးထွားလာအောင်၊ ဆူပူအုံကြွပြီး တိုင်းပြည်ပြိုကွဲပျက်စီးအောင် ရည်ရွယ်ချက်အမျိုးမျိုး၊ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ပြုလုပ်နေကြပါတယ်။ အဲဒီအခြေအနေမှာ စတုတ္ထမဏ္ဍိုင်လို့ အမည်ခံထားကြတဲ့ သတင်းမီဒီယာသမားတွေအနေနဲ့ အမှန်နဲ့အမှား၊ အကောင်းနဲ့အဆိုးကို သမာသမတ်ကျကျ၊ မျှမျှတတရေးသားဖော်ပြထုတ်လွှင့်ပေးကြရပါမယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။
ထို့ပြင် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်း ၏ အသုံးချခံလက်ကိုင်တုတ်အဖြစ်မခံဘဲ နှောင်ကြိုးမဲ့စွာဆောင်ရွက်ပေးကြရန်၊ ကျင့်ဝတ်သိက္ခာစောင့်ထိန်းပြီး နိုင်ငံနှင့်ပြည်သူအကျိုးကို ဦးထိပ်ထားပေးကြရန်၊ လွတ်လွတ်လပ်လပ် အမှီအခိုကင်းကင်း အရောင်အသွေးကင်းကင်းဖြင့် သတင်း မီဒီယာလောကအကျိုးသယ်ပိုးပေးကြရန်၊ တိုင်းပြည်မငြိမ်သက်အောင်၊ ဆူပူအုံကြွအောင် သွေးထိုးမှိုင်းတိုက်ထုတ်လွှင့်နေမှုများကိုလည်း ဝိုင်းဝန်းဆန့်ကျင်တားမြစ်ပေးကြရန်လည်း နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။