စာကြည့်တိုက်များ၌ နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု သမိုင်းဖြစ်ရပ်မှန်များကိုရေးသားထားသည့် စာကောင်းပေမွန်များကို ထိန်းသိမ်းထားရန်လိုအပ်သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၂၄ ရက်နေ့လည်ပိုင်းက ငလျင်ဒဏ်ကြောင့်ပျက်စီးမှုအချို့ဖြစ်ပေါ်ခဲ့သော အမျိုးသားစာကြည့်တိုက်(နေပြည်တော်)အားကြည့်ရှုစစ် ဆေးစဥ် မှာကြားခဲ့သည်။
နစက ဥက္ကဋ္ဌမှ ငလျင်ဒဏ်သင့် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)အဆောက်အအုံနှင့် အဆောက်အအုံအတွင်းရှိ အလင်္ကာကျော်စွာ စည်သူ တက္ကသိုလ်မြတ်သူ စာစုများထားရှိသည့်အခန်း၊ အီလက်ထရွန်နစ်စာကြည့်တိုက်နှင့် စာဖတ်ခန်း၊ ဝန်ဇင်းမင်းရာဇာခန်းမ၊ စာအုပ်စင်ခန်းများ၊ ပေ၊ ပုရ ပိုက်ဌာနစိတ်နှင့် စာကြည့်တိုက်အတွင်း ထိခိုက်ပျက်စီးခဲ့မှုများ၊ စာအုပ်များကို အမျိုးအစားအလိုက် ထိန်းသိမ်းထားရှိမှုများကိုကြည့်ရှုစစ်ဆေးခဲ့သည်။
စာကြည့်တိုက်အတွင်းရှိစာအုပ်များအား စာပေအမျိုးအစားအလိုက်ခွဲခြား၍ စနစ်တကျပြန်လည်သိမ်းဆည်းခြင်း၊ မှတ်တမ်းတင်ခြင်းများဖြင့် ထိန်းသိမ်းထားရှိရမည်ဖြစ်ကာ ထိခိုက်ပျက်စီးခဲ့သည်များကို ပြန်လည်ပြုပြင်ခြင်းများ ဆက်လက်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌက မှာကြားသည်။
ထို့အတူ စာကြည့်တိုက်များသည် ပညာလိုလားသူများအတွက် လွတ်လပ်စွာပညာရှာမှီးနိုင်သည့် တက္ကသိုလ်တစ်မျိုးဖြစ်ပြီး အဖိုးတန်နေရာတစ်ခုဖြစ်သည်ဟုလည်း ပြောသည်။
ထို့ကြောင့် စာကြည့်တိုက်အတွင်း နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုသမိုင်းဖြစ်ရပ်မှန်များကို ရေးသားဖော်ပြထားသည့် စာကောင်းပေမွန်များကို ထိန်းသိမ်းထားရှိရန်လိုကာ မြန်မာ့နိုင်ငံရေးသမိုင်းစဉ်ကို နောင်လာနောက်သားတို့ အမှန်အတိုင်းသိရှိနိုင်ရန်လိုသဖြင့် မိမိတို့တာဝန်ရှိသူများအနေဖြင့် အစဉ်အဆက်လက်ဆင့်ကမ်း၍ ထိန်းသိမ်းစောင့် ရှောက်ကြရမည်ဟု မှာကြားခဲ့သည်။