ကြံ့ခိုင်ရေးပါတီနှင့် နေပြည်တော်သို့ရောက်ရှိနေသည့် နိုင်ငံရေးပါတီ (၃၇) ပါတီမှ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
စိန်ရတု လွတ်လပ်ရေးနေ့အခမ်းအနား တက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိနေသည့် ပါတီခေါင်းဆောင်များနှင့် ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့တို့ ဇန်နဝါရီလ (၅) ရက် နံနက်ပိုင်းက တွေ့ဆုံခဲ့ကြသည်။
အဆိုပါတွေ့ဆုံမှုသည် အလွတ်သဘော တွေ့ဆုံမှုဖြစ်ပြီး နိုင်ငံရေးပါတီအချင်းချင်း ချစ်ကြည်ရင်းနှီးလိုမှုဖြင့် တွေ့ဆုံးခြင်း ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီက သတင်းထုတ်ပြန်ထားသည်။
(၂) နာရီကျော်ကြာမြင့်သည့် အဆိုပါတွေ့ဆုံမှုတွင် နိုင်ငံတော်ကို ဝိုင်းဝန်းကူညီကြရန်ဆိုသည့် သဘောတူညီမှု ရရှိခဲ့ကြောင်း ကြံ့ခိုင်းရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ကပြောကြားခဲ့သည်။
” ဒီတွေ့ဆုံမှုမှာ အားလုံးက စုပေါင်းအား နဲ့ နိုင်ငံတော်ကြီးကို ဝိုင်းဝန်းကူညီကြဖို့ ဆိုတဲ့ အဖြေတစ်ခုတော့ထုတ်နိုင်ခဲ့ကြောင်းပါခင်ဗျား” ဟု ဦးခင်ရီက ၎င်း၏ လူမှုကွန်ရက်မှ တဆင့် ပြောကြားထားသည်။
ကြံ့ခိုင်ရေးပါတီသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်းက ပါတီ တတိယအကြိမ် ညီလာခံ ကျင်းပကာ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ များအပါအဝင် ပါတီထိပ်ပိုင်းခေါင်းဆောင်များကို အပြောင်းအလဲ ပြုလုပ်ခဲ့ပြီးဖြစ်သည်။
အဆိုပါ ပါတီထိပ်ပိုင်းခေါင်းဆောင်အပြောင်းအလဲသည် ၂၀၂၃ ခုနှစ်အတွင်း နစက က ဦးဆောင် ကျင်းပရန်ရှိနေသည့် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင် ဆင်မှုဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောဆိုထားသည်။
ကြံ့ခိုင်ရေးပါတီနှင့် ယခုတွေ့ဆုံသည့် နိုင်ငံရေးပါတီများသည် ၂၀၂၀ ရွေးကောက်ပွဲရလာဒ်ကို ပြန်လည်စစ်ဆေးရန် ကြံ့ခိုင်ရေးပါတီနှင့် ပူးတွဲကာ လက်မှတ်ရေးထိုးတောင်းဆိုခဲ့သည့်ပါတီ အများစုပါဝင်သည်။
လက်ရှိတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ မဲ ဆန္ဒရှင် စာရင်းတိုက်ဆိုင်စစ်ဆေးခြင်းများ လုပ်ဆောင်နေပြီး လာမည့်ရွေးကောက်ပွဲကို PR စနစ်ဖြင့် ကျင်းပနိုင်ရန် ပြင်ဆင်မှုများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။


