နိုင်ငံတော်အစိုးရအနေဖြင့် ဘာသာပေါင်းစုံ ချစ်ကြည်ရေးကို အစဉ်တစိုက်အလေးထားဆောင်ရွက်လျက်ရှိသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က ပြောသည်။
ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်မှ ယနေ့ ဒီဇင်ဘာ ၂၅ ရက်(ခရစ်စမတ်နေ့) တွင် ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်၊ ကနစိုးကုန်းကျေးရွာရှိ ကောင်းကင်ဘုံသို့ပင့်ဆောင်ခြင်းခံရသောသခင်မဘုရားကျောင်း၌ကျင်းပသည့် ခရစ်စမတ်ပွဲတော်တက်ရောက်စဥ် နှုတ်ခွန်းဆက်စကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင်လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရှိသည်နှင့်အညီ နိုင်ငံတော်အစိုးရအနေဖြင့် ဘာသာပေါင်းစုံချစ်ကြည်ရေးကို အစဉ်တစိုက်အလေးထားဆောင်ရွက်လျက်ရှိကာ ဘာသာတရားတိုင်း၏ အနှစ်သာရသည် လူသားအချင်းချင်းမေတ္တာထားရှိရန်၊ တစ်ဦးအပေါ်တစ်ဦးသည်းခံခွင့်လွတ်ကြရန်နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြရန်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်မှ ဘုရားကျောင်းအတွက် ဆိုလာမီးနှင့် စာသောက်ဖွယ်ရာလက် ဆောင်ပစ္စည်းများကိုပေးအပ်လှူဒါန်းပြီး ခရစ်ယာန်လူငယ်အဖွဲ့၏ ခရစ်စမတ်တေးသီချင်းဖြင့် သီဆိုဖျော်ဖြေမှုကိုကြည့်ရှုအားပေးခဲ့သည်။
ထို့အတူ ပြည်ထောင်စုဝန်ကြီးသည် နံနက်အစောပိုင်းကလည်း ကျုံမငေးမြို့၊ မြတ်စွယ်တော်ဈေးကျောင်း တိုက်၌ကျင်းပသည့် ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားဆင်းတုတော် အဆူ (၅၀၀) အနေကဇာတင်မင်္ဂလာအခမ်အနား၊ မြတ်စွယ်တော်ဈေးကျောင်း ပရိယတ္တိစာသင်တိုက် ဆရာတော်ကြီး၏ သိက္ခာထပ်မင်္ဂလာအခမ်းအနားတို့သို့တက်ရောက်၍ ဆရာတော်ကြီးအား သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက်ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
