ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများအပါအဝင် နိုင်ငံများသည် အခြားသောနိုင်ငံရေးများထက် အမျိုးသားရေးကိုဦးစားပေးဖော်ထုတ်လာကြသည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ရာသက်ပန်နာယကကြီး၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ယနေ့ နိုဝင်ဘာ ၁၄ ရက်နံနက်ပိုင်းက ရန်ကုန်မြို့၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန်၌ကျင်းပသော ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဗဟို၏ (၇၅) ကြိမ်မြောက် စိန်ရတု (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဆုချီးမြှင့်ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့နိုင်ငံများအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်ရပ်တည်နိုင်ရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းတည်ဆောက်နေကြ၍ နိုင်ငံတော်၏ ဘက်စုံအကျိုးစီးပွားများအောင်မြင်ဖြစ်ထွန်းစေရေးအတွက် “စစ်မှန်သော အမျိုးသားရေး စိတ်ဓာတ်”ကို နိုင်ငံသားတိုင်း၌ မရှိမဖြစ်ရှိနေကြရန်လိုအပ်သည်ဟု ပြောသည်။
မြန်မာစာပေ၊ မြန်မာဘာသာစကားသည် နှစ်ပေါင်းရှည်ကြာ သမိုင်းအထောက်အထားခိုင်မာစွာဖြင့်တည်ရှိခဲ့ပြီးဖြစ်၍ ဒီမြေမှာမွေး ဒီမြေမှာကြီးပြင်းသူတိုင်းသည် မိမိတို့၏ ကိုယ်ပိုင်စာပေနှင့်ဘာသာစကားကို အလေးထားကြရမည်ဖြစ်ကာ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများကိုလေ့လာကြည့်ပါက ပညာတတ်များပေါကြွယ်ဝခြင်းနှင့် ပညာရေးကို နှစ်ကာလများစွာကတည်းကအားပေးခဲ့ကြခြင်းတို့ကြောင့်ဖြစ်သည်ဟု ပြောသည်။
“အသိပညာ၊ အတတ်ပညာတွေ ပြည့်ဝနေခြင်းဟာ မိမိတို့တစ်ဦးတစ်ယောက်ချင်းရဲ့ ဘဝတွေအပြင် ပညာတတ်တွေပြည့်ဝတဲ့ နိုင်ငံတော်တစ်ခုအတွက်လည်း ကမ္ဘာ့အလည်မှာ ဝင့်ထည်စေပါတယ်။ အတတ်ပညာ အသိပညာပြည့်ဝတဲ့ လူ့စွမ်းအားအရင်းအမြစ်ကောင်းတွေကသာလျှင် နိုင်ငံတော်ကိုဖွံ့ဖြိုးတိုးတက်ပြီး ရေ ရှည်တည်တံ့အောင် ထိန်းသိမ်းဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။
မျိုးချစ်စိတ်ဓာတ်ခိုင်မာမှု၊ လျော့နည်းမှုပေါ်မူတည်၍ နိုင်ငံတော်သည် ဆူကြုံနိမ့်မြင့်ခရီးအသွယ်သွယ် လျှောက်လှမ်းခဲ့ရသည်ကို သင်ခန်းစာယူပြီး ယနေ့အချိန်တွင် တိုင်းပြည်၏ ပကတိလိုအပ်ချက်မှာ ခိုင်မာကောင်းမွန်သည့် အမျိုးသားရေး စိတ်ဓာတ်ဖြစ်သည်ကို စွဲမြဲနားလည်ကြရန် လိုအပ်သည်ဟု ယာယီသမ္မတက ပြောကြားခဲ့သည်။
