နိုင်ငံတစ်ဝန်းမှ မြို့နယ် (၈၅)မြို့နယ်ရှိ ရပ်ရွာလူထုနှင့် ကလေးများအနေဖြင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ၏ အန္တရာယ်အား သိရှိသတိပြုမိစေရန် အသိပညာပေးခြင်းအစီအစဉ်ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးအစီအစဉ်ကို ၂၀၂၄ ခုနှစ်မှစ၍ “အန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်ခြင်းအကြောင်း”ခေါင်းစဉ်ဖြင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်သည်။
အသိပညာပေးရာတွင် ပြည်နယ်(၉)ခု တိုင်းဒေသကြီး(၅)ခုသို့ သွားရောက်၍ ပေါက်ကွဲစေတတ်သောပစ္စည်းများ၏ အန္တရာယ်ကို သိရှိသတိပြုကြစေရန်၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများ၏ အန္တရာယ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးသက်ရောက်မှုများကို သိရှိနားလည်ကြစေရန်နှင့် အန္တရာယ်ကင်းစွာ ပြုမူနေထိုင်တတ်သည့် အလေ့အကျင့်ကောင်းများကို မြှင့်တင်ပေး နိုင်ရန်ရည်ရွယ်၍ ဆောင်ရွက်ပေးနေခြင်းဖြစ်သည်ဟု ဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံဘက်ကြက်ခြေနီအသင်းအနေဖြင့် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး၊ တုံ့ပြန်ရေး၊ နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး ကဏ္ဍများအား အချိန်နှင့်တပြေးညီလုပ်ဆောင်လျက်ရှိ သကဲ့သို့ ကြက်ခြေနီ၏ လုပ်ဆောင်ချက် အခန်းကဏ္ဍ တစ်ခုဖြစ်သည့် ပေါက်ကွဲစေနိုင်သော အကြွင်း အကျန်ပစ္စည်းများ၏ အန္တရာယ်ကိုလည်း သိရှိနားလည်စေရန် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
