၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက်နောက်ပိုင်း နစက တာဝန်ယူချိန်မှ စတင်ကာ အနောက်အင်အားကြီးနိုင်ငံအချို့က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများပြုလုပ်ခဲ့သည့်အတွက် နိုင်ငံတကာနှင့်ဆက်ဆံရာတွင် အကြပ်အတည်းများ ရှိခဲ့ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။
ဇန်နဝါရီ (၂၇) ရက် က နေပြည်တော်တွင် ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး (၁/၂၀၂၃) တွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက် ၊ တတိယအကြိမ် လွှတ်တော် စတင်ခေါ်ယူမည့်နေ့တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် နစက က နိုင်ငံတော် အာဏာကို ထိမ်းကာ လက်ရှိအချိန်ထိ ဆက်လက်အုပ်ချုပ်နေခြင်း ဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲ ရလာဒ်အပေါ်အငြင်းပွားကာ တပ်မတော်က နိုင်ငံတော် အာဏာကို ထိမ်းခဲ့သည့်နောက်ပိုင်းမှစတင်ကာ အမေရိကန် အပါအဝင် အနောက် အင်အားကြီး နိုင်ငံအချို့က မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့ မှုများ ဆက်တိုက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် အာဆီယံအပါအဝင် ဒေသတွင်း နိုင်ငံအချို့ကလည်း မြန်မာနိုင်ငံအပေါ် ဖိအားပေးမှုများဆက်တိုက်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ပြီး ဘက်မလိုက်သည့် ကြားနေနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ပြည်ပနိုင်ငံများအနေဖြင့် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုသင့်ကြောင်း မြန်မာအစိုးရဘက်က မကြာခဏတုန့်ပြန်ပြောဆိုလေ့ရှိသည်။
ပြည်ပနိုင်ငံများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် မြန်မာနိုင်ငံအတွင်း နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း နိုင်ငံတော် ဝန်ကြီးချုပ်က ၎င်းတာဝန်ယူခဲ့သည့် (၂) နှစ်သက်တမ်းအတွင်း တိုင်းပြည်၏ အခြေအနေကို သုံးသပ်ပြောကြားသည်။
ထို့အပြင် လက်ရှိတွင် နိုင်ငံတကာနှင့် ဆက်ဆံရေး ကောင်းမွန်စေရန် အကောင်းဆုံးကြိုးစားနေကြောင်းလည်း ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေး (၁/၂၀၂၃) တွင် ဝန်ကြီးချုပ်က ထည့်သွင်း ပြောကြားသွားသည်။
