ဗင်နီဇွဲလားနိုင်ငံဝေဟင်ပေါ် ပျံသန်းချိန်တွင် အန္တရာယ်ကျရောက်နိုင်သည့် အခြေအနေရှိကြောင်း အမေရိကန်ပြည်ထောင်စုလေကြောင်းစီမံခန့်ခွဲရေးဌာနက အဓိကလေကြောင်းလိုင်းများကိုသတိပေးပြီး နောက်တစ်နေ့တွင် နိုင်ငံတကာလေကြောင်းလိုင်း အချို့သည် ဗင်နီဇွဲလားမှ ထွက်ခွာမည့် ခရီးစဉ်များကို ဖျ-က်သိမ်းခဲ့ကြသည်။
Flightradar24 နှင့် Simon Bolivar Maiquetia နိုင်ငံတကာလေဆိပ်၏ တရားဝင်ဝက်ဘ်ဆိုက်တို့၏ ဖော်ပြချက်အရ ဘရာဇီး၏ Gol၊ ကိုလံဘီယာ၏ Avianca၊ ချီလီ၏ LATAM၊ ထရီနီဒက်-တိုဘာဂိုး၏ Caribbean နှင့် TAP အဲရ်ပေါ်တူဂီ လေကြောင်းလိုင်းများသည် စနေနေ့တွင် ကရာကတ်စ်မှ ထွက်ခွာမည့် ၎င်းတို့၏ လေယာဉ်ခရီးစဉ်များကို ဖျ-က်သိမ်းခဲ့ကြသည်။
လုံခြုံရေးအခြေအနေများ ယိုယွင်းလာခြင်းနှင့် ဒေသတွင်း၌ စစ်ရေးလှုပ်ရှားမှု မြင့်တက်လာခြင်းကြောင့် Maiquatia ဒေသတွင် ပျံသန်းမှုဆိုင်ရာ အန္တရာယ်များရှိကြောင်း ကိုလံဘီယာအရပ်ဖက်လေကြောင်းအာဏာပိုင်အဖွဲ့ဖြစ်သည့် Aeronautica Civil de Colombia က သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
TAP အဲရ်ပေါ်တူဂီက စနေနေ့မှ နောက်တစ်ပတ် အင်္ဂါနေ့အထိ စီစဉ်ထားသော ၎င်း၏ ခရီးစဉ်များကို ဖျ-က်သိမ်းလိုက်ကြောင်း အတည်ပြုခဲ့သည်။ ဗင်နီဇွဲလေပိုင်နက်ရှိ လုံခြုံဘေးကင်းမှုအခြေအနေများကို အာမ မခံနိုင်ကြောင်း ဖော်ပြသည့် အမေရိကန်လေကြောင်းအာဏာပိုင်အဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်းဟု လေကြောင်းကုမ္ပဏီက ရို-က်တာကို ပြောကြားခဲ့သည်။
ဗင်နီဇွဲလားလေပိုင်နက်အတွင်း သို့မဟုတ် အနီးတဝိုက်တွင် လုံခြုံရေးအခြေအနေ ဆိုးရွားလာခြင်းနှင့် စစ်ရေးလှုပ်ရှားမှုများ မြင့်တက်လာခြင်းကို ရည်ညွှန်း၍ အမေရိကန် အက်ဖ်အေအေက သတိပေးချက်ထုတ်ခဲ့ပြီး မည့်သည့်အမြင့်ပေတွင်ပျံသန်းသည်ဖြစ်စေ အန္တရာယ်ရှိနိုင်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်ရေတပ်၏ အကြီးဆုံးလေယာဉ်တင်သင်္ဘော၊ အခြားစစ်သင်္ဘောရှစ်စီးထက်မနည်းနှင့် အက်ဖ်-၃၅ တို-က်လေယာဉ်များအပါအဝင် မကြာသေးမီလများအတွင်း ဒေသတွင်း၌ အမေရိက,က စစ်ရေးအကြီးအကျယ်တည်ဆောက်ခဲ့သည်။
သီးခြားသတင်းတစ်ခုအရ အမေရိကသည် ဗင်နီဇွဲလားနှင့် ဆက်စပ်သော စစ်ဆင်ရေး နောက်အဆင့်သစ်ကို လာမည့်ရက်များအတွင်း စတင်ရန် အသင့်ဖြစ်နေပြီဟု အမေရိကန်အရာရှိလေးဦးက ရို-က်တာသတင်းဌာနကို ပြောကြားခဲ့သည်။
Ref: တီတာတီဝေါလ်
