ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး ဒေါက်တာ မိုဟာမက် မွန်(န)ဝါ ဟူစိန်တို့ ယနေ့ ဇွန် ၂၀ ရက်နံနက် ၁၀ နာရီခွဲက နေပြည်တော်၌တွေ့ဆုံခဲ့ကြသည်။
ထိုသို့ တွေ့ဆုံပြီးနောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီးဦးကိုကိုကျော်သည်လည်း ယနေ့ ဇွန် ၂၀ ရက်မွန်းလွဲ ၂ နာရီက မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနနှင့် ရုရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန် ကြီးဌာန၊ အာရှနှင့် ပစိဖိတ်ပူးပေါင်းဆောင်ရွက်ရေးဌာနတို့ကြား တွေ့ဆုံဆွေးနွေးပွဲတက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိနေသည့် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှနှင့်ပစိဖိတ်ပူးပေါင်းဆောင်ရွက်ရေးဌာန ညွှန်ကြားရေးမှူးချုပ် H.E. Alexi Ovchinnikov နှင့်တွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံစဥ် ဒု-ဝန်ကြီးမှ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့ကြား နှစ်နိုင်ငံဆက်ဆံရေးနှင့် အာဆီယံ-ရု ရှားဆွေးနွေးဖက်ဆက်ဆံရေး တာဝန်ခံညှိနှိုင်းရေးမှူးအနေဖြင့် မိတ်ဖက်ဆက်ဆံရေးတို့ကို ပိုမိုခိုင်မာစေရေးဆောင်ရွက်သွားမည်ဖြစ်ကာ မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်သော နိုင်ငံခြားရေးမူဝါဒနှင့် အာဆီယံပဋိညာဉ်စာတမ်းပါ မူဝါဒများကို အလေးထားသည်ဟု ပြောကြားခဲ့သည်။
ထို့အတူ ညွှန်ကြားရေးမှူးချုပ် H.E. Alexi Ovchinnikov မှလည်း ငလျင်ဒဏ်သင့်မြန်မာပြည်သူများအပေါ် စာနာဂရုဏာဖြစ်မိကြောင်းပြောကြားခဲ့ပြီး ၎င်းတို့နှစ်ဦးသည် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။