နိုင်ငံခြားဘာသာစကား (၁၀၁) ခုကို သင်ကြားပေးနေသည့် တရုတ်နိုင်ငံ၊ ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်၌ ဇွန် (၁၅) ရက်က ကျင်းပသည့် Global Culture Festival သို့ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ကြောင်းသိရသည်။
မြန်မာသံအမတ်ကြီးမှ ကျောင်းသားများအနေဖြင့် ထူးချွန်စွာ အောင်မြင်ရေးအတွက် ကြိုးစားအားထုတ်ရန်၊ အခြားဘာသာနှင့် ယဉ်ကျေးမှုများအား လေးစားလေ့လာရန်၊ စုပေါင်းလုပ်ဆောင်သည့် အကျင့်ကောင်းများမွေး မြူရန်နှင့် မိမိနိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေရေး ကြိုးစားသင်ယူလေ့လာရန် ထည့်သွင်းမှာကြားခဲ့သည်။
တရုတ်နိုင်ငံ၊ ပေကျင်းနိုင်ငံခြားဘာသာ တက္ကသိုလ်၌ ပညာသင်ကြားနေသည့် မြန်မာကျောင်းသား၊ ကျောင်းသူများ၊ မြန်မာဘာသာစကား သင်ကြားနေသည့် တရုတ် ကျောင်းသား ၊ ကျောင်းသူများအား တွေ့ဆုံနှုတ်ခွန်းဆက်၍ မြန်မာနိုင်ငံကိုယ်စားပြု ကျောင်းသား၊ ကျောင်းသူများ ခင်းကျင်းပြသထားသည့် Culture Booth ကိုကြည့်ရှုခဲ့သည်။
ယင်း Global Culture Festival ပွဲသို့ ဂျာမနီ၊ ကမ္ဘောဒီးယား၊ ဆားဘီးယား၊ မာဒါဂတ်စကာ၊ ဖင်လန်၊ အယ်လ်ဆာဗေဒိုး၊ အီကွေဒေါ၊ မိုဇမ်ဘစ်နှင့် ကိုရီးယားနိုင်ငံတို့မှ သံအမတ်ကြီးများနှင့် သံတမန်များလည်းတက်ရောက်ခဲ့ကြောင်း သိရသည်။
Beijing Foreign Studies University (BFSU) သည် တရုတ်ပညာရေးဝန်ကြီးဌာန(MOE)၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင်ရှိကာ နိုင်ငံခြားဘာသာစကား(၁၀၁)ခုကို သင်ကြားပေးလျက်ရှိသည့် တရုတ်နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်များထဲမှ တစ်ခုဖြစ်သည်။