အမေရိကန်တပ်ဖွဲ့ဝင်များကို နိုင်ငံတွင်းမှ နှင်ထုတ်ရန် နိုင်ဂျာခေါင်းဆောင်များ မကြာသေးမီက ဆုံးဖြတ်ခဲ့ပြီးနောက် ရုရှား တပ်ဖွဲ့ဝင်များသည် နိုင်ဂျာရှိ အမေရိကန်တပ်များ စခန်းချနေသော လေတပ်စခန်းတစ်ခုသို့ ရောက်ရှိလာကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စတင်က အတည်ပြုပြောကြားခဲ့သည်။
“ကျွန်ုပ်တို့ တပ်ဖွဲ့ဝင်များ ရှိရာ အမှတ် ၁၀၁ လေတပ်ခြေစိုက်စခန်းသည် မြို့တော်ရှိ နိုင်ငံတကာ လေဆိပ် တစ်ခုနှင့် ပူးတွဲ တည်ရှိနေသော နိုင်ဂျီးရီးယား လေတပ် အခြေစိုက် စခန်း တစ်ခု ဖြစ်သည်။ ရုရှားတပ်ဖွဲ့ဝင်များမှာမူ သီးခြား နေရာ တစ်ခုတွင် ရှိပြီး အမေရိကန် တပ်ဖွဲ့ဝင် များထံသို့ ဝင်ရောက် ခွင့်မရှိပေ” ဟု အော်စတင်က ဟိုနိုလူလူတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“ကျွန်ုပ်တို့ရဲ့ တပ်ဖွဲ့တွေရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးကို အမြဲတမ်း အာရုံစိုက်နေပါတယ်၊ အဲဒါက ကျွန်တော်တို့ ဆက်ပြီး စောင့်ကြည့်ရမယ့် အရာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ ကျွန်တော်တို့ရဲ့ အင်အား ကာကွယ်ရေးနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား ပြဿနာ မတွေ့ရသေးပါဘူး” သူကဆက်ပြောသည်။
နိုင်ငံအတွင်း တပ်စွဲထားသည့် အမေရိကန် စစ်ဘက်ဝန်ထမ်း ၁,၀၀၀ နီးပါးကို ရုပ်သိမ်းရမည်ဟု နိုင်ဂျာ ခေါင်းဆောင်များက မတ်လတွင် ဝါရှင်တန်၌ ပြောကြားခဲ့ပြီးနောက် အဆိုပါလေတပ်အခြေစိုက်စခန်းအနီးသို့ ရုရှားတပ်ဖြန့်ခြင်း သတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။
နိုင်ဂျာနိုင်ငံ၏ မြို့တော် Niameyမြို့ ရှိ Diori Hamani အပြည်ပြည်ဆိုင်ရာလေဆိပ်နံဘေးတွင်ရှိသော အမှတ် ၁၀၁ လေတပ် အခြေစိုက်စခန်းအနီးတွင် ရုရှားတပ်ဖွဲ့များရှိနေသော်လည်း အမေရိကန်တပ်ဖွဲ့များနှင့် ရောနှောခြင်းမရှိကြောင်း ထိပ်တန်းအမေရိကန်ကာကွယ်ရေးအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ Reuters သတင်းဌာနမှ ကြာသပတေးနေ့က ဖော်ပြခဲ့သည်။