နာမည်ကြီး ပေါ့စ်အဆိုတော် ဘရစ်တနီ စပီးယားစ် မင်္ဂလာပွဲကျင်းပ
နာမည်ကျော် ပေါ့စ်စတား ဘရစ်တနီ စပီးယားစ်နှင့် ရုပ်ရှင်သရုပ်ဆောင် ဆမ်အက်ဂါရီတို့ စုံတွဲသည် ဇွန်လ ၉ ရက် ကြာသပတေးနေ့၌ လက်ထပ်ထိမ်းမြားမင်္ဂလာပြုခဲ့ကြသည်။
အဆိုပါမင်္ဂလာပွဲအား ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဘရစ်တနီ၏ နေအိမ်၌ ရင်းနှီးကျွမ်းဝင်သည့် မိသားစုနှင့် သူငယ်ချင်းများကိုသာ ဖိတ်ခေါ်၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အသစ်စက်စက် ဇနီးမောင်နှံဖြစ်ကြသည့် ဘရစ်တနီတို့၏ ပထမဆုံးမင်္ဂလာဆောင်ဓာတ်ပုံများသည် မင်္ဂလာဆောင်ပြီးနာရီပိုင်းအကြာ၌ ထွက်ပေါ်လာသည်။
အဆိုပါ ဓာတ်ပုံများ၌ ဘရစ်တနီသည် နာမည်ကြီး ဒီဇိုင်နာ Donatella Versace ကိုယ်တိုင် ဖန်တီးထားသော Versace အဖြူရောင်ပွဲတက်ဂါဝန်ကို ဝတ်ဆင်ထားကာ မင်းသမီးသဖွယ်လှပနေသည်ကို တွေ့မြင်ရသည်။ ဘရစ်တနီသည် အဖြူရောင် လည်ကပ်နှင့် ပုလဲများ သီကုံးထားသည့် လက်အိတ်ဖြူများဖြင့် သူမကိုယ်ကိုယ် အလှဆင်ထားသည်ကိုလည်း တွေ့ရသည်။
မင်္ဂလာသတို့သား ဆမ်သည်လည်း ရှပ်အင်္ကျီအဖြူနှင့် အနက်ရောင်လည်စည်းကို အောက်တွင်ခံ၍ ကုတ်အင်္ကျီအနက်အား အပေါ်ထပ် ဝတ်ဆင်ကာ အလွန်ပင် ခန့်ညားနေသည်ကို တွေ့ရသည်။
မင်္ဂလာဆောင်ရာ နေရာကိုလည်း ဒဏ္ဍာရီပုံပြင်တွေထဲကလို ပန်းရောင်နှင့် အဖြူရောင် နှင်းဆီပန်းများဖြင့် အလှဆင်ထားပြီး လှပသော စင်ဒရဲလားပုံစံ လှည်းယှဉ်တစ်စင်းကိုပါ ထည့်သွင်း အလှဆင်ထားသည်ကို တွေ့ရသည်။
အဆိုပါမင်္ဂလာပွဲသို့ မက်ဒေါနား၊ ဆလီနာ ဂိုးမက်စ်၊ ဒရူး ဘယ်ရီမိုး၊ ပဲရစ် ဟီလ်တန်နှင့် ခင်ပွန်းဖြစ်သူ ကာတာ ရီအမ်၊ မိခင် ကတ်သီ ဟီလ်တန် စသည့် နာမည်အကျော်အမော်များက တက်ရောက် ဂုဏ်ပြုခဲ့ကြသည်။
Source: Wion