နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ နဝမမြောက် ဗန်းမော်ဆရာတော်ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ၏ အန္တိမအဂ္ဂိဈာပနသာဓုကီဠန ပူဇာသဘင်အား ဇွန် ၆ ရက်မွန်းလွဲပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။
သန်လျင်မင်းကျောင်းဆရာတော်နှင့်သီတဂူဆရာတော်ကြီးတို့အမှူးပြုသည့် ဆရာတော်ကြီးများကြွရောက်တော်မူကာ နစက ဥက္ကဋ္ဌနှင့်ဇနီး၊တာဝန်ရှိသူများ၊ရဟန်းသံဃာများ၊သီလရှင်များ၊ဝတ်အသင်းအဖွဲ့များ၊ဘာသာပေါင်းစုံအသင်းအဖွဲ့များ၊ပြည်သူများလာရောက်ပူဇော်ကန်တော့ခဲ့ကြသည်။
နစက ဥက္ကဋ္ဌနှင့်တက်ရောက်လာကြသူများက သန်လျင်မင်းကျောင်း ဆရာတော်ကြီးထံမှ ငါးပါး သီလခံယူဆောက်တည်ပြီးနောက် ဗန်းမော်ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား နစက ဥက္ကဋ္ဌ၊သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကို၊မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်နှင့်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးတို့က စိန်ကတ္တီပါလွှမ်း၍ ပူဇော်ခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ သံဝေဂပွားတော်မူကြောင်းသဝဏ်လွှာအား သန်လျင်မင်းကျောင်းဆရာတော်ကြီးက ဖတ်ကြားပူဇော်ကာ ပုပ်ရဟန်းမင်းကြီးဖရန်စစ် ပေးပို့သည့် ဝမ်းနည်းကြောင်း သဝဏ်လွှာအပါအဝင် ဝမ်းနည်းကြောင်းသဝဏ်လွှာများအား အသီးသီးဖတ်ကြားပူဇော်ခဲ့ကြပြီး ဓမ္မသံဝေဂကထာတရားနာကြားကာ ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
နစက ဥက္ကဋ္ဌနှင့်ပရိသတ်များက ဗန်းမော်ဆရာတော်ကြီးအား နောက်ဆုံးတောင်းပန်ကန်တော့ကာ ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား သံဃာတော် ၈ ပါးမှ ဗိမာန်တော်မှဗိ မာန်တော်မုခ်ဦးအထိ၊ နစက ဥက္ကဋ္ဌနှင့်အကြီးအကဲ ၈ ဦးမှဗိမာန်တော်မုခ်ဦးမှသတ်မှတ်နေရာအထိ၊ဦးစီးကော်မတီ ၈ ဦး၊ဆွေတော်မျိုးတော် ၈ ဦးတို့မှ သတ်မှတ်နေရာအသီးသီးတို့မှတဆင့်ကရဝိတ်ယာဉ်တော်ပေါ်အထိ ပင့်ဆောင်ခဲ့ကြကာလောင်တိုက်တော်တည်ရှိရာ ချမ်းမြသာစည်မြို့ နယ်ရှိဈာပနကွင်းသို့ ဆက်လက်ပင့်ဆောင်ခဲ့ကြ သည်။
ထို့နောက် စျာပနကွင်းအရောက် ဆရာတော်ကြီး ၏ရုပ်ကလာပ်တော်အား ကရဝိတ်ယာဉ်တော်ပေါ်မှ လောင်တိုက်ပေါ်သို့ သံဃာတော် ၈ ပါးကပင့်ဆောင်ကာ တိုင်းအစိုးရ အဖွဲ့တာဝန်ရှိသူများက မင်္ဂလာပန်းရထားပေါ်သို့ ပင့်ဆောင်ခဲ့ကြပြီး လောင်တိုက်တော်ပေါ်သို့အဆင့်ဆင့်ပင့်ဆောင်ပြီးနောက် နစက ဥက္ကဋ္ဌမှပူဇော်ကန်တော့ခဲ့သည်။
ထို့ပြင် သံဃာတော်များဦးဆောင်၍ သံဝေဂသုံးဂါထာကိုရွတ်ဆိုပွားများပြီး အပြစ်ရှိကခွင့်လွှတ်တော်မူပါရန် နောက်ဆုံးတောင်းပန်ကန်တော့ခဲ့ကြပြီးနောက် သံဃာတော်များက စက်ခလုတ်နှိပ်၍ ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အား အဂ္ဂိဈာပနတေဇောဓာတ်ဖြင့် ပူဇော်ခဲ့ကြသည်။
ဗန်းမော်ဆရာတော်ကြီး၏ သရီရဓာတုပဝါဟနပူဇာဓာတ်ပြာတော်များအား ဧရာဝတီမြစ်၊မရမ်းခြံဆိပ်ကမ်း၌ ရေမျှောပူဇော်ခြင်းအခမ်းအနားကို ဇွန် ၇ ရက် (မနက်ဖြန်) နံနက်ပိုင်းတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။