ပြည်ပဈေးကွက်တစ်ခုဖြစ်သည့် ထိုင်းနိုင်ငံသို့ မြန်မာ့ထောပတ်သီးများကို နယ်စပ်ကုန်သွယ်မှုမှ တဆင့် တင်ပို့လျက်ရှိရာ လက်ရှိတွင် တန်ချိန် (၁၀၀၀) ကျော်တင်ပို့ထားနိုင်ကြောင်း မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။
ပြည်ပဈေးကွက်သို့ မြန်မာ့ထောပတ်သီး တင်ပို့မှုတွင် နယ်စပ်ကုန်သွယ်မှုအပြင် ပင်လယ်ရေကြောင်းဖြစ်သည့် တရားဝင်ဆိပ်ကမ်းများမှ တင်ပို့လျက်ရှိပြီး ယခုနှစ်တွင် လမ်းကြောင်းသစ်အနေဖြင့် မလေးရှားနိုင်ငံသို့ လေကြောင်းမှတဆင့် တန်ချိန် (၅၀) စမ်းသပ် တင်ပို့ထားကြောင်းလည်း သိရသည်။
လာမည့်နှစ်များတွင် မြန်မာ့ထောပတ်သီးကို တိုးမြှင့်စိုက်ပျိုးထုတ်လုပ်ရန် လျာထားပြီး လာမည့် ထောပတ်သီးရာသီချိန်တွင် တန်ချိန် (၅၀၀၀)အထိ ပမာဏ ထပ်တိုးထွက်လာမည်ဟု မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၂- ၂၀၂၃ ခုနှစ်တွင် မြန်မာ့ထောပတ်သီး အထွက်နှုန်းသည် တန်ချိန် (၃၀၀၀) ပမာဏ ထွက်ရှိထားကြောင်း အဆိုပါအသင်းမှ သိရသည်။
မြန်မာ့ ထောပတ်သီးများကို ထိုင်းနိုင်ငံအပြင် တရုတ်နိုင်ငံသို့ပါ G to G စနစ်ဖြင့် တရားဝင်တင်ပို့နိုင်ရန် ဆွေးနွေးညှိနှိုင်းမှုများရှိနေကြောင်းလည်း သိရသည်။