မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီး ဖြစ်သည့် သံအမတ်ကြီး H.E. Mr. Imran Haider သည် ယနေ့ နံနက်ပိုင်းတွင် နစက ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ၎င်း၏ သံအမတ်ခန့်အပ်လွှာအား လာရောက်ပေးအပ်ခဲ့သည်။
ထို့နောက် နှစ်နိုင်ငံအကြားသံတမန်ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ ယဉ်ကျေးမှုကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ ခရီးသွားကဏ္ဍများအပါအဝင် အစိုးရအချင်းချင်းပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် အထည်အလိပ်လုပ်ငန်းများ၊ ဆေးဝါးထုတ်လုပ်မှုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်သည့်အခြေအနေများ၊ အပြန်အလှန်ကုန်သွယ်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်သည့် အခြေအနေများ၊ နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍လည်း ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဟန်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။



