ယမန်နေ့ ဇန်နဝါရီ ၄ ရက် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် နစက က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်လွတ်ငြိမ်း ချမ်းသာခွင့်ပေးခဲ့ရာ၌ ထားဝယ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၃၇၅ ဦီး မလွတ်မြောက်သေးကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ကွန်ရက်၏ ထုတ်ပြန်ချက်တွင် လွတ်မြောက်ရန်ကျန်ရှိသူ နိုင်ငံရေးအကျဉ်းသား ၃၀၉ ဉီး အကျဉ်းသူ ၆၆ ဦးကျန်ရှိသည့်အနက် အမိန့်ချထားပြီးသူ အကျဉ်းသား၂၈၂ ဦး အကျဉ်းသူ ၆၃ ဉီး ကျန်ရှိနေသေးကြောင်း ရေးသားဖော်ပြထားသည်။
လက်ရှိတွင် တရားရင်ဆိုင်နေရဆဲ အကျဉ်းသား၂၇ ဉီးနှင့် အကျဉ်းသူ ၃ ဦးရှိနေဆဲဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ၎င်းတို့အားလုံးမှာ ယမန်နေ့က နစက၏ လွတ်ငြိမ်းချမ်းသာခွင့်အတွင်း ပြန်လည်လွတ်မြောက် လာခြင်း မရှိသေးဟု ဖော်ပြထားသည်။
ယမန်နေ့ ဇန်နဝါရီ ၄ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်အကျဉ်းထောင်မှ လွတ်ငြိမ်း ချမ်းသာခွင့်ရရှိသူ အကျဉ်းသား ၉၀ ဉီး၊ မြိတ်အကျဉ်းထောင်မှ ၈၂ ဉီး၊ ကော့သောင်း အကျဉ်းထောင်မှ ၃၃ ဉီးအပါအဝင် အခြားသော အကျဉ်းစခန်းများမှ အကျဉ်းသား၊ အကျဉ်းသူ ၂၅၃ ဉီး လွတ်ငြိမ်းချမ်းခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။
၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့တွင် ရန်ကုန်၊ မန္တလေးအပါအဝင် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင် အကျဉ်းစခန်းများမှ အကျဉ်းသားအကျဉ်းသူ ၇၀၂၁ ဦးအား နိုင်ငံတော်မှ ရာဇဝတ်ကျင့်ထုံးဉပဒေပုဒ်မ ၄၀၁ ပိုဒ်ခွဲ ၁ အရ နောက်တစ်ကြိမ်ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်များဖြင့် ပြန်လည် လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
