မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ မဲခေါင်နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးထားသည့် အဖွဲ့ဝင်နိုင်ငံများ အစည်းဝေးကို အောက်တိုဘာ(၁၆)ရက်နေ့က ရန်ကုန်မြို့တွင်ကျင်းပခဲ့ကြောင်း သိရသည်။
အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဒေသပြင်ပမှ ဓာတုဗေဒပညာရှင်များသည် ဥပဒေအရထိန်းချုပ်ထားသော ဓာတုပစ္စည်းများကို အစားထိုးအသုံးပြုလာကြပြီး မူးယစ်ဆေးဝါးချက်သည့်နေရာများသို့ဝင်ရောက်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်က အထက်ပါအစည်းဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဓာတုပညာရှင်များကို ထိန်းချုပ်တားဆီးနိုင်ရေးအတွက် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အချိန်နှင့်တပြေးညီ သတင်းဖလှယ်ပေးပို့စေလိုကြောင်းနှင့် တရားခံများဖမ်းဆီးနိုင်ရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်းလည်း ဗိုလ်ချုပ်အောင်ကျော်ကျော်က ပြောကြားခဲ့ကြောင်း သိရသည်။
လက်ရှိ လူလုပ်မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှုများသည် မဲခေါင်ဒေသတွင်း နိုင်ငံများအတွက် စိုးရိမ်ဖွယ်ရာအခြေအနေတစ်ရပ်ဖြစ်လာပြီး Happy Water ကဲ့သို့ လူလုပ်မူးယစ်ဆေးဝါးများသည်လည်း နေ့စဉ်နှင့်အမျှ ထွက်ပေါ်နေကြောင်း သိရသည်။
မဲခေါင်ပူးတွဲစစ်ဆင်ရေး ၂၀၂၅ ခုနှစ် ဇွန်(၁)ရက်ကနေ ဩဂုတ်(၃၁)ရက်အထိပြုလုပ်ခဲ့သည့် စစ်ဆင်ရေးတွင်လည်း မြန်မာနိုင်ငံအနေဖြင့်ပါဝင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ မဲခေါင်နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးထားသည့် အဖွဲ့ဝင်နိုင်ငံများ အစည်းဝေးကို အဖွဲ့ဝင်နိုင်ငံများနှင့် UNODC မှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ် ၄၃ ဦး၊ တက်ရောက်နေပြီး ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်းဆောင်ရွက်မည် လုပ်ငန်းစီမံချက်များကိုပတ်သက်ပြီး ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ပြီး ယနေ့ အောက်တိုဘာ(၁၇)ရက်နေ့တွင် ထပ်မံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
