နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ကို မူလထိန်းသိမ်းထားသည့် နေပြည်တော်အချုပ်ထောင်မှ နေရာပြောင်းရွှေ့လိုက်ကြောင်း သတင်းထွက်ပေါ်လျက်ရှိသည်။
BBC က ယနေ့ ဖော်ပြလာသည့် သတင်းအရ ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်ရှိ ဒုဝန်ကြီးအဆင့် နေထိုင်သည့် နေအိမ်တစ်လုံးသို့ ရွှေ့ပြောင်းလိုက်ကြောင်း သိရသည်။
အဆိုပါ သတင်းမှန်ကန်မည်ဆိုပါက ထိုင်းနိုင်ခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ တွေ့ဆုံမှုနောက်ပိုင်း ထွက်ပေါ်လာသည့် တိုးတက်သည့် အပြောင်းအလဲ ဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
ယင်းသတင်းနှင့် ပတ်သက်၍ နစကဘက်မှ တရားဝင်သတင်းထုတ်ပြန်ခြင်း မရှိသလို NLD နှင့် နီးစပ်သူများအနေဖြင့်လည်း အတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသာ ပြောကြသည်။
” ကျွန်တော်တို့လည်း မသိပါဘူး ။ မှန်တယ်ဆိုရင်တော့ သူတို့ဘက်က တရားဝင်သတင်းထုတ် ပါလိမ့်မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ဇူလိုင်လ (၉) ရက်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ တွေ့ဆုံမှုနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် ထူးခြားသတင်းအဖြစ် အများစုက စိတ်ဝင်စားနေကြခြင်းလည်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ၂၀၂၁ ခု ဖေဖေါ်ဝါရီ (၁) ရက်က စတင် ထိန်းသိမ်းခြင်း ခံထားရပြီး ပုဒ်မ (၁၉) ခုဖြင့် တရားစွဲဆိုကာ ထောင်ဒဏ် (၃၃) နှစ်အထိ ချမှတ်ခံထားရခြင်းဖြစ်သည်။
ယခုသတင်း မထွက်ပေါ်မီ အချိန်ထိ ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်အချုပ်ထောင်အတွင်းရှိ သီးသန့်အဆောင်တွင် ထိန်းသိမ်းထားခြင်း ဖြစ်သည်။
မကြာမီ ဓမ္မစကြာနေ့၌ မာရဝိဇယဘုရားကြီးအား အနေကဇာတင်အလှူ နှင့် ဘုရားကြီးတည်ခြင်းပြီးမြောက်မှုအောင်ပွဲ အတွက်လည်း သတင်းကောင်းများထွက်လာလိမ့်မည်ဟုလည်း အများက မျှော်လင့်နေကြချိန်လည်းဖြစ်သည်။