အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့သည် ဂါဇာအတွက် ကတိပြုထားသော ဒေါ်လာ ၁၇ ဘီလျံ၏ အနည်းငယ်မျှကိုသာ ရရှိထားသေးရာ အမေရိကန်သမ္မတအနေဖြင့် ပျက်စီးနေသော ပါလက်စတိုင်းနယ်မြေ၏ အနာဂတ်အတွက် ၎င်း၏အစီအစဉ်ကို ရှေ့ဆက်လုပ်ဆောင်ရန် အဟန့်အတားဖြစ်နေကြောင်း သတင်းရင်းမြစ်များက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။ အီရန်စစ်ပွဲ မဖြစ်ပွားမီ ဆယ်ရက်အလိုတွင် ထရမ့်ပ်သည် ဝါရှင်တန်၌ ဘုတ်အဖွဲ့ညီလာခံကျင်းပခဲ့ပြီး ဂါဇာ၏ အုပ်ချုပ်မှုနှင့် ပြန်လည်တည်ဆောက်ရေးအတွက် ပင်လယ်ကွေ့ အာရပ်နိုင်ငံများက ဘီလျံနှင့်ချီ၍ ထည့်ဝင်ရန် ကတိပြုခဲ့ကြသည်။ ဤအစီအစဉ်က ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်ကို လက်နက်ဖြုတ်သိမ်းရန်နှင့် အစ္စရေးတပ်များ ပြန်လည်ဆုတ်ခွာပြီးနောက် ကမ်းရိုးတန်းနယ်မြေကို အကြီးစား ပြန်လည်တည်ဆောက်ရန် မျှော်မှန်းထားသည်။ ရန်ပုံငွေ ကတိကဝတ်များတွင် ဟားမတ်စ်ထံမှ ဂါဇာကို ထိန်းချုပ်ရန် ရည်ရွယ်ထားသော အမေရိက ကျောထောက်နောက်ခံပြု ပါလက်စတိုင်း နည်းပညာရှင်အဖွဲ့တစ်ခုဖြစ်သည့် နိုင်ငံတော် ဂါဇာအုပ်ချုပ်ရေးကော်မတီ(အင်န်စီအေဂျီ) ၏ လုပ်ဆောင်ချက်များအတွက်လည်း ဘဏ္ဍာငွေထောက်ပံ့ရန် ရည်ရွယ်ထားသည်။ ဘဏ္ဍာငွေဆိုင်ရာ ပြဿနာများရှိနေကြောင်း ရိုက်တာသတင်းဌာန၏ သတင်းတစ်ပုဒ်ထွက်လာပြီးနောက်တွင် ငြိမ်းချမ်းရေးဘုတ်အဖွဲ့က သောကြာနေ့တွင် တင်ခဲ့သော ဆိုရှယ်မီဒီယာထုတ်ပြန်ချက်၌ ထိုသတင်းကို ငြင်းဆိုခဲ့သည်။ ငြိမ်းချမ်းရေးဘုတ်အဖွဲ့၏ လုပ်ငန်းဆောင်တာများကို တိုက်ရိုက်သိရှိသူတစ်ဦးက ရန်ပုံငွေများ ကတိပြုထားသော နိုင်ငံဆယ်နိုင်ငံအနက် အာရပ်စော်ဘွားများပြည်ထောင်စု၊ မော်ရိုကိုနှင့် အမေရိကန်ပြည်ထောင်စုတို့သာ ရန်ပုံငွေထည့်ဝင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ယခုအချိန်အထိ ရန်ပုံငွေမှာ ဒေါ်လာ ၁ ဘီလျံအောက်သာရှိကြောင်း သတင်းရင်းမြစ်က ပြောကြားခဲ့သော်လည်း အသေးစိတ်အချက်အလက်များကိုမူ မပြောကြားခဲ့ပေ။ အီရန်စစ်ပွဲသည် အရာအားလုံးကို ထိခိုက်စေခဲ့ပြီး ယခင်ရန်ပုံငွေအခက်အခဲများကို ပိုမိုဆိုးရွားစေခဲ့ကြောင်း သတင်းရင်းမြစ်က ပြောကြားခဲ့သည်။
Ref: ရို_က်တာ
