ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌ ဟောင်း ဒေါက်တာ
ခလမ်ဆမ်ဆွမ်အား ကျန်းမာရေးအခြေအနေအရ ဆေးဝါးကုသရန်လိုအပ်နေသူဖြစ်သဖြင့် မိသားစုထံသို့ အမြန်ဆုံးပြန်ပို့ရန် မျှော်လင့်ကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)က ယနေ့ မေလ (၃)ရက်တွင် သဘော ထားထုတ်ပြန်ထားသည်။
KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်သည် နှစ်ဆန်း (၁) ရက်နေ့က နစက၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် မြစ်ကြီးနား အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာပြီး ညပိုင်းတွင် ပြန်လည်ခေါ်ဆောင်သွားခြင်းခံခဲ့ရသူဖြစ်သည်။
ယင်းသို့ ပြန်လည်ခေါ်ဆောင်သွားပြီးနောက် ယနေ့အချိန်ထိ ပြန်လည်ရောက်ရှိလာခြင်း မရှိသေးသည့်အတွက် မိသားစုဝင်များ ၊ အသင်းသူအသင်းသားများက အထူးစိုးရိမ်ပူပန် လျှက်ရှိကြောင်း KBC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
ဒေါက်တာခလမ်ဆမ်ဆွန်အားသက်ဆိုင်ရာမှ ပြန်လည်ခေါ် ဆောင်သွားခြင်းနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် ခေတ္တခေါ်ယူ ဆွေးနွေးခြင်းသာဖြစ်ပြီး ပြန်လည်ဖမ်းဆီး မဟုတ်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။
ဒေါက်တာခလမ်ဆန်ဆွမ်အား ပြီးခဲ့သည့် ဧပြီလ (၁၇) ရက်က နစက၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြစ်ကြီးနားအကျ ဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် ညပိုင်းတွင် ဇနီးဖြစ်သူအပါအဝင် အခြားတစ်ဦးတို့ကို အာဏာပိုင်များက လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်သည်။
လက်ရှိတွင် ဒေါက်တာခလမ်ဆန်ဆွမ်၏ ဇနီးဖြစ်သူကို နေအိမ်သို့ ပြန်လွှတ် ပေးခဲ့သော်လည်း ကျန်နှစ်ဦးကို ဆက်လက်ခေါ်ဆောင်ထားဆဲဖြစ်ကြောင်းလည်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောနေကြသည်။
ဒေါက်တာခလမ်ဆမ်ဆွန်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံသို့ သွားရောက်ရန် မန္တလေးတံတားဦးလေဆိပ်သို ရောက်ရှိနေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် ထောင်ဒဏ် (၂) နှစ်၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် (၁) နှစ်၊ ပုဒ်မ ၅၂ (က) ဖြင့် ထောင် ဒဏ် (၃) နှစ်စုစုပေါင်း ထောင်ဒဏ် (၆)နှစ်ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။
