အောင်မြင်သောလုပ်ငန်းရှင်တစ်ယောက်၏ ဖြတ်သန်းရာ ဘဝအတွေ့အကြုံ၊စိတ်ထားများနှင့်ကွန်းခိုရာ အပိုင်း( ၃ )
ကျွန်တော့်ကို ရှမ်းဗမာအဖေ ရှမ်းဗမာအမေကမွေးတော့ ကျွန်တော်တို့တွေက ရှမ်းဗမာကပြားတွေပေါ့။ အဖေရောအမေရောက အစိုးရအမှုထမ်းတွေပါ။ အဖေက သစ်လုပ်ငန်းမှာ အစိုးရအမှုထမ်းပါ။ အမေက ကျောင်းဆရာမပါ။ ကျွန်တော့်ကိုမွေးတာ မြစ်ကြီးနား၊ ဝန်ထမ်းမိသားစုသဘာဝအတိုင်း တာဝန်ကျရာ ရွှေ့ပြောင်းရတော့ပျဉ်းမနား၊ ဂန့်ဂေါ၊ ပခုက္ကူ၊ မန္တလေးတို့မှာ ပြောင်းရွှေ့နေထိုင်ရင်းနဲ့ မန်းမှာဘွဲ့ရအိမ်ထောင်ကျပြီး ၁၉၉၄မှာ ရန်ကုန်အခြေချဖြစ်သွားတာပါ။
၈၈အာဏာသိမ်းချိန်ကဆေးကျောင်းတတိယနှစ်၊တဖက်နိုင်ငံကိုအသွား တမူးမှာအဖမ်းခံရတယ်။အဲဒီဖမ်းတဲ့တပ်မှာ သမ္မတကြီးဦးသိန်းစိန်က တပ်ရင်းမှုးဘဝနဲ့။ကျွန်တော်တို့ကို မိဘရပ်ထံပြန်အပ်တယ်။ အဖမ်းခံနေရတုန်း အဖေ့ကိုပြန်တွေ့လို့ ဝမ်းသာရတာဘဝမှာ တကယ့်ကိုမှတ်မှတ်ရရပါ။
နောက်မန္တလေးပြန်ရောက်တော့ အဖေက ကျွန်တော့်ကိုအလုပ်လုပ်ခိုင်းတယ်။ အဲဒီမှာဘာကိုစလုပ်ဖြစ်လဲဆိုတော့ကျွန်တော်က ကသာဖက် သစ်တွေကိုဝယ်၊ မန္တလေးကိုပြန်ရောင်းတဲ့အလုပ် စလုပ်ဖြစ်တယ်။ အဲ့ဒီမှာစပြီးတော့စီးပွါးရေးလုပ်ငန်းထဲကို ရောက်သွားတာပေါ့။
သစ်စက်ပိုင်တွေ ငွေအလီလီခွဲချေလို့ ငွေခေါင်းကွဲပြီး သစ်မလုပ်ဖြစ်တော့တဲ့အချိန်မှာ ကျွန်တော်တရုတ်ပြည်ကသွင်းလာတဲ့ ဆိတ်၅ကောင်တံဆိပ်စက်ဘီးကို ဆိုင်ဖွင့်ပြီးတော့မှရောင်းခဲ့တယ်။ ဆိုင်ကယ်နဲ့ ကားဝယ်ရောင်းလည်းလုပ်ခဲ့တယ်။ မြေပွဲစားနဲ့ မြေဝယ်ရောင်းလည်းလုပ်ခဲ့တယ်။ ဘဝစုံပါတယ်။ အဲဒီအချိန်မှာ ကျနော်အစ်ကိုဟာယိုးဒယားကုမ္ပဏီတစ်ခုနဲ့ အဆက်အသွယ်ရပြီးတော့မှ သစ်ဝယ်ဖို့အတွက် ဆက်သွယ်လာတဲ့အတွက် သစ်ပြန်စလုပ်ပါတယ်။
သစ်ပြန်လုပ်နေတဲ့အချိန်၁၉၉၁ မှာ ကျွန်တော်လည်းအိမ်ထောင်ပြုခဲ့ပါတယ်။ အိမ်ထောင်ပြုတာနဲ့တစ်ပြိုင်တည်းလိုလို ကျွန်တော်တို့ဆေးကျောင်းကပြန်ဖွင့်တော့ ကျွန်တော်လုပ်လက်စအလုပ်တွေကို ကျွန်တော့်အကိုကိုလွှဲပြီးတော့ ကျွန်တော်ကျောင်းပြန်တက်ခဲ့ပါတယ်။ သုံးလအကြာမှာပဲ ကျောင်းကချက်ချင်းပြန်ပိတ်တယ်။ ကျောင်းပိတ်တော့သစ်ပြန်လုပ်ပါတယ်။ လုပ်နေတုန်းပဲကျောင်းပြန်ဖွင့်တယ်။ကျောင်းပြန်ဖွင့်တော့ ကျွန်တော်လုပ်လက်စအလုပ်တွေ၊ ငွေ နဲ့ ရှိတဲ့သစ်တွေအကုန်လုံးကို ကျွန်တော့်အစ်ကို့ကိုပဲ လွှဲပြီးတော့မှ ကျွန်တော်ကျောင်းပြန်တက်ပါတယ်။ ၉၄မှာဆေးကျောင်းပြီးခဲ့ပြီး ၉၅ခုနှစ်အလုပ်သင်ဆရာဝန်တပိုင်းတစမှာပဲ ကျွန်တော်ပြင်ပစီးပွါးရေးထဲကိုထပ်ပြီးတော့မှ ဝင်ရောက်ခဲ့တာပါ။
၉၅မှာကျွန်တော့်အစ်ကိုနဲ့အတူတူ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ခဲ့ပါတယ်။ ၉၆ခုနစ်ကစပြီးတော့ ကျွန်တော့်အစ်ကိုနဲ့အပြီးလမ်းခွဲပြီးတော့မှ လမ်းသစ်ပြန်စခဲ့ပါတယ်။ ကျွန်တော့်ဘဝအတွက်အခက်ခဲဆုံးအချိန်ပါပဲ။ အိမ်ထောင်လည်းကျပြီး သားတစ်ယောက်လည်းရပြီဆိုတဲ့အချိန်မှာ လမ်းသစ်ဖောက်ရတာတော်တော်ပင်ပန်းပြီးတော့မှ အားခဲလုပ်ရတဲ့အလုပ်ပါ။ အဲဒီအချိန်မှာငွေရင်းငွေနှီးလည်းမပြည့်စုံတဲ့အတွက် အလုပ်ကိုအစုံလုပ်ပါတယ်။ ပထမဆုံးအလုပ်အနေနဲ့ လယ်ဆယ်ဝန်ကြီးဌာနကိုကျနော်ဘိလပ်မြေရောင်းလို့ရတယ်။ အဲဒါကနေစပြီးလယ်ဆည်ဝန်ကြီးဌာနအတွက် တရုတ်ကုမ္ပဏီတခုရဲ့ဌာနေကိုယ်စားလှယ်အနေနဲ့ ၄နှစ်လောက်အလုပ်လုပ်ရတယ်။
အဲဒီမှာ မီးရထားဝန်ကြီးဌာနပို့ဆောင်ရေးဝန်ကြီးဌာန၊ လျှပ်စစ်ဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနစတဲ့ဝန်ကြီးဌာနတွေမှာ ကျွန်တော် အပိုပစ္စည်းတွေရောင်းဖို့အတွက်စပါတယ်။ စီမံကိန်းတွေအတွက်လုပ်ပါတယ်။ ပြီးတော့ကာကွယ်ရေးဝန်ကြီးဌာနအတွက် လေယာဉ်ပျံတာယာတွေစပြီးရောင်းပါတယ်။
အဲဒီဝန်ကြီးဌာနမှာ ရယ်စရာကောင်းတာက ကျွန်တော်ရောင်းတဲ့တာယာက သူတို့သုံးနေတဲ့ တာယာနဲ့ အမျိုးတူ။တူတာမှ Brand ပါတူတယ် ။ တူပေမယ့် စျေးက သူတို့ အရင်ဝယ်ရတာကဒေါ်လာ၁၀၀၀နီးပါး။ ကျွန်တော့်စျေးကဒေါ်လာ၂၀၀ကျော်လောက်ဆိုတော့ ကျွန့်တော့်ဆီကစျေးသက်သာတော့ဝယ်လဲဝယ်ချင်တယ် ယုံလည်းမယုံရဲဘူး။နမူနာ၁၀လုံးလောက်ဝယ်တယ်။ crosssectionဖြတ်ကြည့်တယ်။ လက်ရှိတာယာအဟောင်းကိုဖြတ်ကြည့်ပြီး ယှဉ်ကြည့်တယ်။ တပ်ပြီးတော့ လေထဲမပျံသေးပဲသုံးကြည့်တယ်။ တာယာရဲ့ခံနိုင်အားကိုဓါတ်ခွဲခန်းမှာစမ်းကြည့်တယ်။ကျေနပ်ပြီဆိုမှ လေယာဉ်မှာတပ်သုံးတယ်။ သုံးကြည့်ပြီးတော့အသုံးခံတယ်။ သတ်မှတ်တဲ့အရည်အသွေးအတိုင်းသုံးနိုင်တယ်။ အဲဒီမှာကျွန်တော်စာမေးပွဲအောင်သွားပြီ။ ဒီတာယာတလုံးကိုဒေါ်လာ၂၀၀ကျော်စျေးနဲ့ပဲ နောင်၁၀နှစ်လောက်ရောင်းလို့ရတယ်။
ကျွန်တော်က လောဘသတ်နိုင်တယ်။ဥပမာ စိတ်ထဲမှာဒီပစ္စည်းအတွက်၁၀မြတ်ရင်တော်ပြီဆိုရင် ၁၀ပဲ။ ပိုမြတ်တာ မမြတ်တာကို စိတ်မဝင်စားခဲ့ဘူး။ တာယာစာမေးပွဲအောင်သွားတော့ ကျွန်တော့်ကိုနောက်တစ်ခုမေးတယ်။
ဘက္ကထရီ ကျွန်တော်နမူနာနှစ်လုံးပို့တယ် အမျိုးမျိုးစမ်းတယ်။ကျွန်တော်ရောင်းတာဒေါ်လာ၃၀၀၀။ သူများရောင်းတာက ဒေါ်လာ၁၀၀၀၀နီးပါး။ စစ်ဆေးကြည့်/စမ်းသုံးကြည့်တော့ အတူတူပဲ။ အဲဒီမှာ ကျွန်တော်ဂုဏ်ထူးထွက်သွားပြီ။
အဲဒီနောက်ပိုင်းမှာတခြားအပိုပစ္စည်းတွေရယ် တခြားပစ္စည်းတွေအစုံ၊ ဥပမာသံချောင်း၊ ဘိလပ်မြေတွေကအစလျှပ်စစ်မီးလုံး၊ TransmissionLine၊ ချည်မျှင်နဲ့ အထည်အလိပ်၊ သင်္ဘောအပိုပစ္စည်း၊ ကားအပိုပစ္စည်းလေယာဉ်ပျံအပိုပစ္စည်းအဆုံး ကျွန်တော်အများကြီးရောင်းချနိုင်ခဲ့ပါတယ်။ အဲဒီလိုအများကြီးအောင်မြင်မှုရခဲ့လို့လည်း မလိုသူတွေကနာမည်ဖျက်ဖို့ကြိုးစားခဲ့ကြတာပေါ့။
သက်ဆိုင်ရာဌာနတွေနဲ့ ယုံကြည်မှုကိုတည်ဆောက်နိုင်ပြီးတဲ့အချိန်မှာ ကျွန်တော်အရှိန်ရသွားပါပြီ။ အဲဒီလိုရရှိတဲ့ယုံကြည်မှုကို အစိုးရဌာနတွေမှာ တင်ဒါသွင်းတဲ့အလုပ်ကိုရပ်တဲ့နေ့ စက်တင်ဘာ၃၀၊ ၂၀၂၀ခုနှစ်အထိ မချိုးဖေါက်ခဲ့ပါဘူး။
ကျွန်တော့်ကိုယုံကြည်လို့ သီးသန့်အခိုင်းခံခဲ့ရတဲ့အလုပ်တိုင်းမှာ အမြတ်ပိုတင်လို့ရခဲ့ရင်တောင် မယူခဲ့ပါဘူး။ထိုက်သင့်တဲ့အမြတ်နဲ့ ကျေနပ်ပါတယ်။အများနဲ့ တင်ဒါပြိုင်ရရင်တော့ တမျိုးပေါ့။ရံဖန်ရံခါမှာ ကုန်ကျစားရိတ်ကာမိရင်လဲ လုပ်ပါတယ်။တခါတလေ ဈေးကွက်သဘောတရားအရ လိုအပ်လို့ပဲဖြစ်ဖြစ်၊ မခံချင်စိတ်ကြီးလာရင်ဖြစ်ဖြစ်၊ ဒေါသထွက်ရင်ပဲဖြစ်ဖြစ် အရှုံးခံပြီးလဲလုပ်တတ်ပါတယ်။
အဲဒီလိုပြိုင်ဆိုင်မှု သံသရာကြီးထဲကနေ ၂၀၂၀ခုစက်တင်ဘာလကုန်မှာ အပြီးထွက်ခဲ့ပြီး၊ ပြိုင်စရာမလိုတဲ့တဲ့ဘဝကို ရောက်ခဲ့ပါပြီ။ခုဆို ၅နှစ်ကျော်ခဲ့ပြီပေါ့။
ယခုတင်ဆက်ပေးခဲ့တာကတော့ စီးပွားရေးလောကမှာအောင်မြင်စွာရပ်တည်ခဲ့ရာက အေးချမ်းအောင်ကြိုးစားနေတဲ့စိတ်နဲ့ ပရဟိတလူမှုအကျိုးပြုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည့် ဒေါက်တာနိုင်ထွဋ်အောင်ရဲ့ဖြတ်သန်းရာ ဘဝတလျောက်ကနေ အတွေ့အကြုံကောင်းများနဲ့ သင်ခန်းစာကောင်းများ ရယူနိုင်စေဖို့ ရည်ရွယ်ရင်း အောင်မြင်သောလုပ်ငန်းရှင်တစ်ယောက်၏ ဖြတ်သန်းရာ ဘဝအတွေ့အကြုံ၊ စိတ်ထားများ နှင့်ကွန်းခိုရာကိုတင်ဆက်လိုက်ခြင်းဖြစ်ပါသည်။
