အဖျားငွေ့ငွေ့ရှိနေ၍ ထောင်ဆေးရုံ ခေတ္တတင်ထားရသည့် ဒေါက်တာဇော်မြင့်မောင်အား ကင်ဆာအထူးကုဆရာဝန်ကြီးများ မှတ်ချက်ဖြင့် မန္တလေးဆေးရုံကြီးသို့ တင်ထားရသည်ဟု အကျဉ်းဦးစီးဌာနပြောခွင့်ရအရာရှိကပြောသည်။
“မနေ့ကစပြီးတင်ထားရတာပါ။သွေးကင်ဆာအထူးကုဆရာဝန်ကြီးတွေရဲ့ သဘောထားမှတ်ချက်အရတင်လိုက်တာပါ။ ဆရာဝန်ကြီးတွေက ဒေါက်တာဇော်မြင့်မောင်ရဲ့ အခြေအနေကို စစ်ဆေးကြည့်ချင်တယ်။ဒီ့အတွက် တင်ထားတာပါ”ဟု ပြောပြသည်။
NLDဒုတိယဥက္ကဌ(၂)၊မန္တလေးတိုင်းဝန်ကြီးဟောင်း ချုပ်ဒေါက်တာဇော်မြင့်မောင်သည် ယခုရက်အတွင်း ဖျားနာမှုဝေဒနာကို ရင်ဆိုင်နေရသည့် အတွက် ဆရာဝန်မှတ်ချက်အရ ထောင်ဆေးရုံသို့ တင်ထားရကာ ယခုဆက်လက်၍ ကင်ဆာအထူးကုဆရာဝန်ကြီးများမှတ်ချက်ဖြင့် မန္တလေးဆေးရုံကြီးသို တင်ထားရခြင်းဖြစ်သည်။
အကျဉ်းဦးစီးဌာနပြောခွင့်ရအရာရှိက ဒေါက်တာဇော်မြင့်မောင်၏ လက်တလောကျန်းမာရေး အခြေအနေနှင့်စပ်လျဉ်းပြီး စိုးရိမ်စရာအဆင့်မရှိပါဟုပြောသည်။
အသက်၆၉အရွယ်ရှိဒေါက်တာဇော်မြင့်မောင်သည် ပြီးခဲ့သည့်နှစ်က သွေးကင်ဆာဝေဒနာကို ခံစားခဲ့ရပြီး ကင်ဆာကုထုံးများခံယူထား ရသည်။
NLDဒုတိယဥက္ကဌ(၂)၊မန္တလေးတိုင်း ယခင်ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်သည် ဖေဖော်ဝါရီ၁ရက်နောက်ပိုင်း မန္တလေး အိုးဘိုထောင်အတွင်းထိန်းသိမ်းခံထားရပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅ – ခ၊ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် တရားစွဲဆိုခံထားရသည်။
တရားရုံးက နိုင်ငံတော်အကြည်ညိုပျက်ဆီးစေမှု ပုဒ်မ ၅၀၅(ခ)၊သဘာဝဘေးအန္တရယ် စီမံခန့်ခွဲမှုပုဒ်မ ၂၅/၃၀ တို နှစ်အမှုအတွက် စွဲချက်တင်အမိန့်ချမှတ်ထားကာ ထိုသိုချမှတ်မှုအား မကျေနပ်သည့် အတွက် ခရိုင်အဆင့်သို စွဲချက်အမိန့် ပြင်ဆင်ချက်တက်ရန် ဒေါက်တာဇော်မြင့်မောင်၏ရှေ့နေများက ဆောင်ရွက်နေကြသည်ဟုသိရသည်။