ဒေါက်တာဇော်မြင့်မောင်အား စွဲဆိုထားသော ရွေးကောက်ပွဲဆိုင်ရာမဲမသမာမှု ပုဒ်မ ၁၃၀(က)အား ဇူလိုင်၂၀ ရက်တွင် အပြီးသတ်အမိန့်ချမှတ်ရန်ရှိ
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်အား တရားစွဲဆိုထားသော ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှု ပုဒ်မ ၁၃၀(က)အမှုအား လာမည့် ဇူလိုင် ၂၀ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်သွားရန်ရှိကြောင်း တရားရုံးနှင့်နီးစပ်သူအသိုင်းအဝိုင်းအချို့ထံမှသိရသည်။
အဆိုပါ အပြီးသတ်အမိန့်ချမည့် ပုဒ်မ ၁၃၀(က)အမှုမှာ မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်က အောင်မြေသာစံမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားသည့်အမှုဖြစ်သည်။
” လာမယ့် ဇူလိုင်၂၀ ရက်နေ့အမိန့်ချမှာပါ။ ဒေါက်တာဇော်မြင့်မောင်ကို ရွေးကောက်ပွဲမဲမသမာမှုနဲ့တရားစွဲထားတာက အောင်မြေသာစံမြို့နယ်ရယ်၊ အမရပူရမြို့နယ် အဲ့ဒီမြို့နယ်နှစ်ခုမှာတရားစွဲထားတာပါ။ အမရပူရမြို့နယ်မှာစွဲထားတဲ့အမှုကတော့အမိန့်ချပြီးပါပြီ။ အခုက အောင်မြေသာစံမှာစွဲထားတဲ့အမှုအတွက်အမိန့်ချမှာပါ။” ဟု ဆိုသည်။
ဒေါက်တာဇော်မြင့်မောင်နှင့်ပတ်သက်သည့်အဆိုပါအမှုကို မန္တလေးအိုးဘိုထောင်တွင်းအထူးသီးသန့်တရားရုံးတွင် စစ်ဆေးကြားနာနေကြခြင်းဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်အား အဂတိလိုက်စားမှုပုဒ်မ ငါးမှုဖြင့်ထောင်ဒဏ် ၂၁နှစ်အပါအဝင် နိုင်ငံတော်အကြည်ညိုပျက်ဆီးစေမှုပုဒ်မ ၅၀၅(ခ)ဖြင့်ထောင်ဒဏ် ၂ နှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုပုဒ်မ ၂၅/၃၀(က)ဖြင့် ထောင်ဒဏ် ၂နှစ်၊ အမရပူရမြို့နယ်အတွင်း မဲသမာမှုပြုလုပ်သည်ဟုဆိုကာ စွဲဆိုထားသော ပုဒ်မ ၁၇၁(စ)ဖြင့်ထောင်ဒဏ် ၁နှစ် စုစုပေါင်းထောင်ဒဏ် ၂၆ နှစ် အသီးသီးချမှတ်ခံထားရပြီးဖြစ်ကြောင်းသိရသည်။
အဂတိအမှု ငါးမှုဖြင့် ထောင်ဒဏ် ၂၁နှစ်ချမှတ်ခံထားရသော အမှုများအတွက်လည်း လက်ရှိတွင် ဒေါက်တာဇော်မြင့်မောင်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အယူခံတင်ထားကြောင်းသိရသည်။